လက်ဘနွန်နိုင်ငံမှာ အစ္စရေးရဲ့ ဆက်လက် တိုက်ခိုက်နေမှုကြောင့် ဟော်မုဇ် ရေလက်ကြားကို နောက်တကြိမ် ပိတ်ချလိုက်ကြောင်း အီရန်က ကြေညာပြီးတဲ့နောက် သင်္ဘောအသွားအလာ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
Windward ပင်လယ်ရေကြောင်း စောင့်ကြည့်ရေးကုမ္ပဏီရဲ့ အချက်အလက်တွေအရ ဇွန် ၂၁ ရက်မှာ ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ သင်္ဘောအစင်းရေ ၃၅ စင်းကနေ ၁၂ စင်းအထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။
ဒါဟာ လက်ဘနွန်အပေါ် အစ္စရေးကျူးလွန်နေတဲ့ “ရာဇဝတ်မှုတွေ” နဲ့ အဲဒီနိုင်ငံမှာ အမေရိကန်က အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဒါကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ရေလက်ကြားကို ပိတ်ဆို့ထားကြောင်း ဇွန် ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။
တရက်တည်းမှာပဲ အမေရိကန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (CENTCOM) က အီရန်ရဲ့ ကြေညာချက်ကို ပယ်ချလိုက်ပြီး အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်တဲ့ အခြေအနေဟာ “ပုံမှန်အတိုင်း” ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အက်စ်မေးလ် ဘက်ဂါအီ ကတော့ သင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းနိုင်ရေးကိစ္စကို နှစ်ဖက်ကြား ဆွေးနွေးခဲ့ကြသလို “အရေးကြီးတဲ့ ယန္တရားတခုကိုလည်း ထူထောင်နိုင်ခဲ့ကြောင်း” အတည်ပြုပါတယ်။
ဒါပေမဲ့လည်း လက်ဘနွန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် ရက် ၆၀ ကြာ အပစ်ရပ်သက်တမ်း အတွင်း အပြီးတိုင် ငြိမ်းချမ်းရေးသဘောတူညီချက် ရအောင် ကြိုးပမ်းနေတာတွေ ပျက်ပြားသွားစေနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။
အခုလိုမျိုး ဝါရှင်တန်နဲ့ တီဟီရန်ကြား တင်းမာမှုတွေ တဖန်မြင့်တက်လာပြီး ဟော်မုဇ်ထဲမှာ သင်္ဘောသွားလာမှု နှေးကွေးနေတဲ့ လက္ခဏာတွေ ရှိနေပေမဲ့လည်း ဇွန် ၂၂ ရက်နေ့အတွင်း ကမ္ဘာ့ရေနံဈေး ကျဆင်းခဲ့ပါတယ်။
ဘရန့် နိုင်ငံတကာညွှန်းကိန်းအရဆိုရင် ရေနံစိမ်းဈေးက ၀ ဒသမ ၉ ရာခိုင်နှုန်းလောက် ကျဆင်းသွားကာ တစည်ကို ဒေါ်လာ ၈၀ အောက်မှာသာ ဆက်ရှိနေပါတယ်။
အာရှစတော့စျေးကွက်ကိုတော့ အတက်စျေးနဲ့ စဖွင့်နိုင်ခဲ့ပြီး ထိုင်ဝမ်၊ ဂျပန်နဲ့ တောင်ကိုရီးယား ရှယ်ယာညွှန်းကိန်းတွေဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းကနေ ၂ ဒသမ ၆ ရာခိုင်နှုန်းအထိ အသီးသီး ထိုးတက်လာခဲ့ပါတယ်။










