
ဗြိတိန်နိုင်ငံမှာ ဇနီးနဲ့ သမီး ၂ ယောက်ကို သတ်ခဲ့တယ်လို့ သံသယရှိရတဲ့ အမျိုးသားတယောက်ကို တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘတ်မြို့မှာ ဇူလိုင် ၁၀ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အဲဒီလူဟာ သူ့ကိုယ်သူ သေကြောင်းကြံစည်ဖို့အတွက် တရားမဝင် သေနတ်တလက်ကိုလည်း ဝယ်ယူခဲ့ပုံရတယ်လို့ ဆိုပါတယ်။
ဇင်ဘာဘွေနွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်ပြီး အသက် ၄၅ နှစ်ရှိ အန်ဒိုဒါနာ မခန်ရီဆီချူးမားကို ဇူလိုင် ၁၃ ရက်က ဂျိုဟန်နက်စ်ဘတ် တရားရုံးတခုမှာ ရုံးထုတ်ခဲ့ပြီး သူ တောင်အာဖရိကနိုင်ငံထဲကို တရားဝင် ဝင်ရောက်လာတာ ဟုတ်မဟုတ် စစ်ဆေးဖို့အတွက် ဇူလိုင် ၂၂ ရက်အထိ ချုပ်ရက်ရမန် ယူထားပါတယ်။
သူ့ကို တောင်အာဖရိကမှာ တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ တရားစွဲဆိုထားပြီး၊ ပထမဆုံးအကြိမ် ပြစ်မှုကျူးလွန်သူတွေအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
ဒါ့အပြင် သူ့ကို ဗြိတိန်နိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးဖို့ ကိစ္စကိုလည်း တရားရုံးက စဉ်းစားဆောင်ရွက်နေပါတယ်။
အခုလောလောဆယ် တရားရုံးမှာ ဖြေရှင်းဆောင်ရမဲ့ ကိစ္စ ၂ ခုရှိပြီး ပထမတခုက ဗြိတိန်နိုင်ငံဆီ ပြန်လည် လွှဲပြောင်းပေးရေး ကိစ္စဖြစ်တယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အက်သလန်ဒါမက်သီက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မန်ချက်စတာ အင်တာပိုလ်ကနေတဆင့် ပရီတိုးရီးယား အင်တာပိုလ်ဆီကို ယာယီလွှဲပြောင်းပေးဖို့ တောင်းဆိုချက် ရရှိထားပြီးဖြစ်လို့ ရက်ပေါင်း ၄၀ အတွင်း အပြီးသတ် တောင်းဆိုချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း ဆိုပါတယ်။
ဒီလဆန်းပိုင်းက ဘတ်ဖို့ဒ်ရှိုင်းယားရှိ သူတို့ရဲ့နေအိမ်မှာ အသက် ၄၂ နှစ်အရွယ် ဇနီးဖြစ်သူ၊ အသက် ၁၅ နှစ်နဲ့ ၅ နှစ်အရွယ် သမီး ၂ ယောက်တို့ရဲ့ အလောင်းတွေ တွေ့ရှိခဲ့ရပြီးနောက်မှာ ချူးမားကို လူသတ်မှု ၃ မှုနဲ့ တရားစွဲဆိုဖို့ ဗြိတိန်အစိုးရရှေ့နေတွေက ရဲတပ်ဖွဲ့ကို ခွင့်ပြုချက် ပေးထားပါတယ်။
ချူးမားဟာ အဲဒီအလောင်းတွေကို မတွေ့ရှိခင်လေးမှာတင် ဟိသ်ရိုးလေဆိပ်ကနေတဆင့် ဗြိတိန်နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။
တောင်အာဖရိက ရာဇဝတ်မှုထောက်လှမ်းရေးနဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနတွေက ချူးမားဆီကို လိုင်စင်မဲ့သေနတ်ကို တရားမဝင် ရောင်းချခဲ့သူက ဘယ်သူလဲဆိုတာ မြေပြင်မှာ တက်တက်ကြွကြွ စုံစမ်းစစ်ဆေးနေတယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ မက်သီ က ပြောပါတယ်။
သူ့ဆီကနေ ကျည်ဆန် ၂ တောင့်နဲ့အတူ တွေ့ရှိခဲ့တဲ့ အဲဒီတရားမဝင်သေနတ်ဟာ သူ့ကိုယ်သူ အဆုံးစီရင်ဖို့အတွက် သုံးဖို့ရည်ရွယ်ခဲ့တာလို့ ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။










