DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကို ပြည်သူအားလုံးပူးပေါင်းတိုက်ပွဲဝင်ပေးကြရန် မအက်စတာဇေနော တိုက်တွန်း
DVB
·
September 18, 2021
စစ်အာဏာရှင်ကို ပြည်သူအားလုံးပူးပေါင်းတိုက်ပွဲဝင်ပေးကြရန် မအက်စတာဇေနော တိုက်တွန်း
Donate to DVB

လက်ရှိအချိန်ဟာ စစ်အာဏာရှင် အမြစ်ပြတ်တိုက်ထုတ်ရေးအတွက် အကောင်းဆုံးအခြေအနေ တစ်ခု ဖြစ်နေပြီး ပြည်သူတွေက ယုံယုံကြည်ကြည် ပူးပေါင်းတိုက်ပွဲဝင်ပေးကြဖို့  TIME မဂ္ဂဇင်းရဲ့ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ မအက်စတာဇေနောက တိုက်တွန်းလိုက်ပါတယ်။

“တိုင်းရင်းသားတော်လှန်ရေးတပ်တွေဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်ခဲ့ရပြီး တိုင်းရင်းသားပြည်သူတွေဟာ ဘဝကို ဆင်းဆင်းရဲရဲဖြတ်သန်းခဲ့ရပါတယ်။ စစ်တပ်ရဲ့သွေးခွဲအုပ်ချုပ်မှုကြောင့် မညီမညွတ်ဖြစ်ခဲ့ရာကနေ အခုအချိန်မှာတော့ ညီညွတ်မှုအားအကောင်းဆုံးအခြေအနေကို ရောက်လာတဲ့အတွက် တန်းတူညီမျှမှုကိုဦးတည်ပြီး ဖက်ဒရယ်စနစ်အတွက် တိုက်ပွဲဝင်သွားမယ်”လို့  မအက်စတာဇေနောက ပြောပါတယ်။

TIME မဂ္ဂဇင်းက ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးလူပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ခဲ့တဲ့ စာရင်းမှာ ကချင်တိုင်းရင်းသူ မအက်စတာဇေနော၊ ရှမ်းနီတိုင်းရင်းသူ မအိသဉ္စာမောင်နဲ့  အမေရိကန်နိုင်ငံသူ မြန်မာအမျိုးသမီး အာကာသိပ္ပံပညာရှင် ဒေါ်မီမီအောင်တို့ ပါဝင်ခဲ့ပါတယ်။ 

မအက်စတာဇေနောက “ ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံးအယောက် ၁၀၀ မှာ အခုလို ထည့်သွင်းသတ်မှတ်ခြင်းဟာ ယနေ့မြန်မာနိုင်ငံအခင်းအကျင်းကို နိုင်ငံတကာအနေနဲ့ စိတ်ဝင်စားတယ်၊ ဖော်ပြစေချင်တယ်လို့ မှတ်ယူပါတယ်။ နောက်ပြီး ဒီနေ့မြန်မာနိုင်ငံပြည်သူလူထု ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ပတ်သက်လို့ နိုင်ငံတကာစာမျက်နှာရှေ့ မီးမောင်းထိုးပြရာရောက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ရှေ့ဆက်နိုင်ငံရေး၊ စစ်ရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွေမှာ တစ်စုံတစ်ရာအထောက်အကူ ဖြစ်စေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ပြောထားပါတယ်။ 

စစ်အာဏာရှင်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ မြန်မာနိုင်ငံတဝန်းက ပြည်သူတွေအားလုံး ဒီဖက်ဆစ်အာဏာရှင်စနစ်ကို လက်ရည်တပြင်တည်း တွန်းလှန်တိုက်ထုတ်သွားကြဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကို ရှေးရှုပြီး နားလည်မှုတည်ဆောက်ကြဖို့လည်း တိုက်တွန်းပြောပါတယ်။ 

မအက်စတာဇေနောဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အကူအညီပေးရေး၊ ဖက်ဒရယ်အရေးတို့အတွက် အချိန် ၁၀ နှစ်ကျော်လှုပ်ရှားဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

မအက်စတာဇေနောနဲ့  မအိသဉ္စာမောင်တို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်   ဖေဖော်ဝါရီ ၆ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်သပိတ်ကို စတင်ဦးဆောင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

မအက်စတာဇေနောဟာလက်ရှိအချိန်မှာတော့  တိုင်းရင်းသားဒေသတစ်နေရာမှာ စစ်သင်တန်း တက်ရောက်နေပြီး ရရာအခန်းကဏ္ဍကနေ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့ ကတိပြုပြောဆိုပါတယ်။

Photo Credit- TIME

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013