DVB Logo
Home
မြန်မာသတင်း
တရားမဝင်ငွေစက္ကူကြေညာသည့်သတင်း မဟုတ်မှန်ကြောင်း ဗဟိုဘဏ်ဖြေရှင်း၊ ရွှေနှင့် ဒေါ်လာဈေး ပြန်တက်
DVB
·
September 17, 2021
တရားမဝင်ငွေစက္ကူကြေညာသည့်သတင်း မဟုတ်မှန်ကြောင်း ဗဟိုဘဏ်ဖြေရှင်း၊ ရွှေနှင့် ဒေါ်လာဈေး ပြန်တက်
Donate to DVB

ကျပ်ငါးထောင်တန်နဲ့ ကျပ် တသောင်းတန် ငွေစက္ကူတွေကို  တရားဝင်ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်ပြီ လို့ လူမှုကွန်ရက်ပေါ်မှာ ကောလာဟလသတင်း ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာပြည်တွင်း ရွှေနဲ့ ဒေါ်လာဈေး  ဝယ်လိုအားကြောင့် စျေးမြင့်သွားခဲ့ပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က အဲဒီသတင်း ထွက်ပေါ်ခဲ့ပြီးနောက် နာရီအတော်အတန်အကြာမှာ ဗဟိုဘဏ်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ဝေထားတဲ့ ကျပ် ငါးထောင်တန်နဲ့ ကျပ်တသောင်းတန် ငွေစက္ကူတွေ တရားဝင် ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်တယ်ဆိုတဲ့ သတင်းအချက်အလက်မှာ မမှန်ကန်ကြောင်းနဲ့  ဖေ့စ်ဘွတ်ခ်  စာမျက်နှာပေါ် ပျံ့နှံ့နေတဲ့ စာအတုသာဖြစ်ကြောင်း ကြေညာချက်ကို  စက်တင်ဘာ ၁၆ ရက် ညနေခင်းအချိန်မှာ တရားဝင်စာထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာငွေစက္ကူအပေါ် အယုံအကြည်နည်းလာပြီး အစိုးရိမ်လွန်နေတဲ့ လူတွေက ရွှေနဲ့ဒေါ်လာကို လိုက်လံဝယ်ယူခဲ့တာကြောင့် ရွှေနဲ့ဒေါ်လာတန်ဖိုးက ရုတ်ချည်းမြင့်တက်ခဲ့ ရပါတယ်။

နိုင်ငံခြားငွေကြေးလဲလှယ်ရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင် ရရှိထားတဲ့လုပ်ငန်းရှင်တဦးက “ဒေါ်လာစျေးက အဲ့ဒီနေ့ မနက်ပိုင်းက စျေးကျနေတာ။ ကျပ် ၁၉၁၀-၂၀ ဝန်းကျင်ပဲရှိတယ်။ ညနေပိုင်းမှာ စျေးပြန်တက်သွားတာ။ ရွှေစျေးလည်း ပြန်တက်သွားတယ်လေ။ ဘယ်က လုပ်လဲတော့ ကျနော်တို့ သေချာတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီဒေါ်လာစျေးတို့ ရွှေစျေးတို့ တက်စေချင်တဲ့လူ ရှိလို့နေမှာပေါ့။ ကျနော်တို့ ပြည်သူတွေကိုယ်တိုင်ကလည်း နဂိုကတည်းက အစိုးရိမ်လွန်နေတာလည်းပါတယ်။ ပြီးတော့ ငွေကြေးအပေါ် ဗဟိုဘဏ်အပေါ် ယုံကြည်မှု ကျနေတာလဲ ပါတာပေါ့။ အဲ့တော့ ဒီကောလဟာလ ထွက်လာတဲ့အခါ မှန်တာ၊ မှားတာ အပထား။ လူတွေက စိုးရိမ်ပြီးတော့ ဝယ်ကျတာပေါ့နော်” လို့ပြောပါ တယ်။

ဒီကနေ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ အမေရိကန်တဒေါ်လာတန်ဖိုးက ငွေလဲကောင်တာတွေမှာ ဝယ်စျေး တစ်ဒေါ်လာကို ၁၉၇၀ ကျပ် နဲ့ ရောင်းစျေး ကျပ် ၂၀၂၀ ကျပ် ရှိပြီး ဥရောပငွေကြေးတန်ဖိုးက တယူရိုကို ဝယ်စျေး ၂၀၈၀ ကျပ်နဲ့ ရောင်းစျေး ၂၁၅၀ ကျပ်၊ စင်္ကာပူ ငွေကြေးတန်ဖိုးက တဒေါ်လာကို ဝယ်စျေး ၁၃၆၀ ကျပ် နဲ့ ရောင်းစျေး ၁၄၁၀ ကျပ်၊ ထိုင်းငွေကြေးတန်ဖိုးက တဘတ်ကို ဝယ်စျေး ၅၆.၅ ကျပ် နဲ့ ရောင်းစျေး ၅၉.၅ ကျပ် ရှိပါတယ်။

ရွှေလုပ်ငန်းရှင်တဦးကလည်း “ဒီလိုမျိုးကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ ကိုယ့်လိုအပ်ချက်တခုတည်းအတွက် သူများတွေကို ကောလာဟလလွှင့်ပြီးတော့ ဒီအပေါ်မှာ လုပ်စားသလိုမျိုး ဖြစ်နိုင်သလို ကိုယ်လိုချင်တာကို အတင်း လိုက်လုပ်တဲ့ အခါကျတော့ ရွှေစျေး၊ငွေစျေးတွေ တက်သွားတာပေါ့။ ဒီလိုတက်သွားတဲ့အပေါ်မှာ ကုန်စျေးနှုန်း ဆိုတာမျိုးက သူ့အချိုးကျ လိုက်ပြီးတက်သွားတာမျိုးလေ။ ဒါကြောင့် ဒီလိုမျိုးက မဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆို အခြေခံ စားကုန်တွေပါ လိုက်တက်သွားလို့ရှိရင် လူတွေကလည်း အလုပ်က ကောင်းကောင်းလုပ်နေရတာမဟုတ်လို့ အခြေခံ လူတန်းစားတွေမှာ ပိုပြီးဒုက္ခရောက်သွားစေနိုင်တယ်။ နိုင်ငံတော်ပိုင်းကလည်း ဒီလိုမျိုး ကောလာဟလ ထွက်လာပြီဆိုရင် ချက်ချင်း ဖြေရှင်း တာမျိုးက အကောင်းဆုံးပဲဗျ။ အဲ့လိုမှပဲ  အချိန်မီထိမ်းသိမ်းနိုင်မယ်လေ။ မဟုတ်လို့ရှိရင် ကျွံသွားပြီးမှဆိုရင် လူတွေ တော်တော်များများဒုက္ခရောက် ကုန်မှာပေါ့။ ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး ဗဟိုဘဏ်က အခုလိုထွက်ရှင်း တာမျိုးက ပိုကောင်းတာပေါ့နော်” လို့ဆိုပါတယ်။

ရန်ကုန်ရွှေစျေးကွက်မှာ အကယ်ဒမီ တကျပ်သားစျေးနှုန်းက မနေ့က ကျပ်  ၁၈သိန်း ၁သောင်း ၃ထောင်သာရှိခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ၁၈သိန်း ၄သောင်း ၉ထောင်အထိ ရောက်သွားခဲ့ကာ ညနေ ၃နာရီမှာတော့ ၁၈သိန်း ၄သောင်း ၅ထောင် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013