
မလေးရှားနိုင်ငံမှာ မြန်မာစက်ရုံအလုပ်သမားတယောက်ဟာ တနိုင်ငံတည်းသားချင်း မြန်မာ အမျိုးသားတယောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ တရားစွဲခံရတယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။
လူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ မြန်မာအလုပ်သမား အသက် ၃၂ နှစ်အရွယ် မောင်မောင် ကို ကလန်းမြို့ရှိ တရားရုံးမှာ ဇူလိုင် ၂၁ ရက်က တရားစွဲဆိုလိုက်တာဖြစ်ပြီး တရားသူကြီး နော်အာဇီလာမတ်ရှေ့မှောက်မှာ စကားပြန်မှတဆင့် မြန်မာဘာသာနဲ့ စွပ်စွဲချက်ကို ဖတ်ပြအပြီးမှာ မောင်မောင်က နားလည်ကြောင်း ခေါင်းညိတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာအလုပ်သမား မောင်မောင်ဟာ ဇူလိုင် ၅ ရက် ည ၉ နာရီခွဲကနေ ၁၀ နာရီအတွင်း ပို့ကလန်းရှိ တန်ငါတဲလော့ခ်ဂုန်းရွာ၊ တန်ငါလမ်းဘေးရှိ နေရာတခုမှာ နိုင်ငံတည်းသား မျိုးသန်းနိုင်ကို သတ်ဖြတ်ခဲ့တာလို့ စွပ်စွဲခံထားတာပါ။
ဒီလူသတ်မှုကို ဘာကြောင့် ဘယ်လို ကျူးလွန်ခဲ့တယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။
ဒီအမှုဟာ တရားရုံးချုပ်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ကျရောက်နေတာဖြစ်လို့ ထွက်ဆိုချက်တွေကိုတော့ မှတ်တမ်းတင်မထားပါဘူး။
စွပ်စွဲထားတဲ့အမှုဟာ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင်တော့ မလေးရှားနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ အရ ပြစ်ဒဏ်အနေနဲ့ သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် ၃၀ နှစ်မှ ၄၀ နှစ်အထိ ကျခံရနိုင်တာဖြစ်ပြီး သေဒဏ်မချမှတ်ပါက အနည်းဆုံး ကြိမ်ဒဏ် ၁၂ ချက် ရိုက်နှက်ခံရနိုင်တာ ဖြစ်ပါတယ်။
တရားလိုပြရှေ့နေအဖြစ် လက်ထောက် အစိုးရရှေ့နေ ရဲအုပ် မိုဟာမက် ရာဘီအွလ် အာဝါ အိရှက်ခ် က ဆောင်ရွက်ခဲ့ပြီး စွပ်စွဲခံရတဲ့ မြန်မာအလုပ်သမားဘက်ကတော့ လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေမရှိခဲ့ဘူးလို့ သိရပါတယ်။
တရားသူကြီး နော်အာဇီလာက ဒီအမှုကို ထပ်မံကြားနာစစ်ဆေးဖို့ အတွက် စက်တင်ဘာ ၁၅ ရက်ကို ရုံးချိန်းပေးထားပါတယ်။
Source: Malaymail











