
စစ်တွေမြို့နယ်အတွင်းက အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်တို့ရဲ့ တိုက်ပွဲတွေဟာ စစ်တွေမြို့ အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)နဲ့ ၂ မိုင်အကွာမှာရှိတဲ့ နာရီကန်နဲ့ ကျားမသောက်ကျေးရွာအနီးအထိ ရောက်ရှိလာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မေလအလယ်ပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ စစ်တွေတိုက်ပွဲဟာ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲဧရိယာဟာလည်း အရင် ရွှေမင်းဂံရေတပ်ကနေ အမြင့်ကျွန်းအထိ နယ်စပ်တလျှောက် ဖြစ်ပွားနေကြရာကနေ ဒကစဌာနချုပ်နဲ့ ၂ မိုင်အကွာ ကျားမသောက်ကျေးရွာ ပတ်ဝန်ကျင်အထိ ရောက်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“စစ်တွေမြို့မှာ တိုက်ပွဲဧရိယာတွေ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတာရှိတယ်။ မြေပြင်ထိုးစစ်တွေလည်း ကျားမသောက်ရွာ ပတ်ဝန်းကျင်အထိ ရောက်နေပြီလို့ သိရတယ်။ တိုက်ပွဲကတော့ နေ့တိုင်းနီးပါးရှိတယ်။ ကျားမသောက်ရွာ ဆိုရင် ဒကစနဲ့ သိပ်မဝေးတော့ဘူး၊ ၂ မိုင် ပတ်ဝန်းကျင်ပဲ ရှိတော့တယ်။ အဓိကတော့ နှစ်ဖက်လုံးက ဒရုန်းတွေနဲ့ လက်နက်ကြီးတွေကို အသုံးပြုပြီး တိုက်ခိုက်ကြတာဖြစ်တယ်” လို့ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကတဆင့် စစ်တွေမြို့နယ်ဘက်ကို နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာနေတာဖြစ်ပြီး နယ်စပ်တလျှောက်မှာ နှစ်ဖက်တပ်ဆိုင်ထားပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် သိမ်းပိုက်ခံလိုက်ရပြီးနောက် နပခ တိုင်းစစ်ဌာနချုပ်ကို စစ်တွေမြို့ကို ရွှေ့ပြောင်းပြီး အဲဒီကနေ တဆင့် ရခိုင်က လက်ကျန် ၃ မြို့ကို ထိန်ချုပ်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ မိုးတွင်းကာလရောက်ရှိလာပြီဖြစ်လို့ လက်နက်ငယ် ပစ်ခတ်သံတွေ သိပ်မကြားရပေမဲ့ လက်နက်ကြီး ပစ်ခတ်သံတွေကိုတော့ နေ့တိုင်းနီးပါးကြားနေရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေတိုက်ပွဲက အရင်လိုတော့ လက်နက်ငယ်သံတွေ သိပ်မကြားရဘူး။ မိုးရွာနေတာနဲ့လည်း မကြားရတာ ဖြစ်နိုင်တယ်။ ညအချိန်တွေဆိုရင်တော့ လက်နက်ကြီးသံအချို့ ကြားရတာ။ ဘယ်ရွာအနီးတွေမှာ ဖြစ်နေတယ်ဆိုတာတော့ မသိဘူး။ စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ် ရွာတွေမှာ ဖြစ်ဖို့များတယ်” လို့ ပြောပါတယ်။
ဇွန်လဆန်းပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာအနီးပတ်ဝန်းကျင်မှာ စစ်တွေမြို့နယ် စစ်အာဏာရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့တာတွေ ရှိတယ်လို့ ပုဏ္ဏားကျွန်း ဒေသခံတွေက ပြောပါတယ်။
စစ်တွေတိုက်ပွဲကြောင့် ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့နယ် ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ၂၀၂၄ ခုနှစ်ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
နယ်စပ်ကျေးရွာတွေမှာ နှစ်ဖက်လုံးက တပ်စခန်းတွေ တည်ဆောက်ပြီး တိုက်ခိုက်နေကြတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ စစ်အာဏာရှင် ထိန်းချုပ်မြို့နယ်တွေထဲက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်ကလည်း ရေကြောင်းကနေ ဆက်တိုက် အင်အားဖြည့်တင်းနေပါတယ်။
အာရက္ခတပ်တော်ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်က လက်ကျန်မြို့နယ်တွေကို ၂၀၂၇ ခုနှစ် မတိုင်ခင်မှာ အပြီးသတ် သိမ်းပိုက်သွားမယ်လို့ ပြောကြားထားပြီး စစ်တပ်ဘက်ကလည်း ရခိုင်နဲ့ ထိစပ်နေတဲ့ မကွေး၊ ချင်း၊ ပဲခူးနဲ့ ဧရာဝတီ တိုင်းတို့ကနေ ထိုးဖောက်နိုင်ဖို့ ကြိုးပမ်းလာနေပါတယ်။











