DVB Logo
Home
မြန်မာသတင်း
မြန်မာကျပ်ငွေတန်ဖိုးထိုးကျနေချိန် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ပြန်ဖြစ်လာ
DVB
·
September 16, 2021
မြန်မာကျပ်ငွေတန်ဖိုးထိုးကျနေချိန် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ပြန်ဖြစ်လာ
Donate to DVB

ပြည်တွင်းမှာ မြန်မာကျပ်ငွေကြေးတန်ဖိုး ကျဆင်းလာတဲ့အပေါ် ငွေပိုငွေလျှံရှိသူတွေက ဒေါ်လာ၊ ရွှေနဲ့အတူ အိမ်ခြံမြေတွေကိုလည်း ဝယ်ယူစုဆောင်းလာတဲ့အတွက် အချိန် ၅ နှစ်ကျော်ကြာ အရောင်းအဝယ်အေးခဲ့တဲ့ ရန်ကုန်အိမ်ခြံမြေစျေးကွက်က အရောင်းအဝယ်ပြန်ဖြစ်လာလို့ စျေးကွက် စလှုပ်လာတဲ့အကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်အိမ်ခြံမြေစျေးကွက်ကို အသက်ဝင်လာအောင် တွန်းအားဖြစ်စေခဲ့တဲ့ နောက်ထပ်အခြေခံအချက်တခုက စစ်ကောင်စီက  ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန််ခဲ့တဲ့ အခွန်စည်းကြပ်မှုအောက်က ကင်းလွတ်နေတဲ့ ငွေတွေအပေါ် အခွန်ကောက်ခံမှုနှုန်းထားအား လျှော့ချပေးခဲ့တဲ့ ကြေညာချက်ပဲ ဖြစ်ပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက “အခုတလော အိမ်ခြံမြေဘက်ကို လှည့်လာတယ်။ စျေးတန်းအနေနဲ့ သောင်းဂဏန်းကနေ ထောင်ဂဏန်းအထိ အဝယ်ရှိပါတယ်။ အိမ်ခြံမြေစျေးကွက်က တောက်လျှောက်အေးနေတာကနေ အခုစျေးကွက်က စလှုပ်လာတယ့် အခြေအနေပါ။ စျေးကွက်အေးသွားတာက ၅နှစ်ကျော်သွားပြီပေါ့နော်။ ပြီးတော့ အိမ်ခြံမြေက ရွှေလို အလုပ်ရှုပ်ခံပြီး သိမ်းထားစရာမလိုဘူးလေ။ သူက တရားဝင်အခွန်ဆောင်လိုက်ရင် တရားဝင်နေတာပဲ။ ဒီကြောင့်မို့လို့ အိမ်ခြံမြေဘက်ကို လှည့်လာကြတာ။ အိမ်ခြံမြေအခွန်စျေးနှုန်းတွေက စစ်ကောင်စီအစိုးရ လက်ထက်မှာ ထပ်လျှော့ထားတယ်။ လျှော့ထားတဲ့အပေါ်မှာ အများပြည်သူကလည်း အခွန်ဆောင်ချင်စိတ်ရှိတာပေါ့။ ဒီ့ထက်ပိုပြီးတော့ အရောင်းအဝယ်တွေ ပိုဖြစ်လာရင် အခွန်လည်းရမယ်။ အများပြည်သူတွေလည်း ချောင်လည်မယ်” လို့ဆိုပါတယ်။

NLD အစိုးရလက်ထက်မှာ အခွန်စည်းကြပ်မှုနဲ့ ပတ်သက်ပြီး  ကင်းလွတ်နေတဲ့ ဝင်ငွေတွေအပေါ် ၁ ကျပ်မှ သိန်း ၁၀၀၀ အတွင်း ၆ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ မှ သိန်း ၃၀၀၀ အတွင်း ၁၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ မှ သိန်း ၃၀၀၀၀ အတွင်း ၂၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀၀ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံဖို့ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို အတည်ပြုခဲ့တာရှိပါတယ်။

စစ်ကောင်စီရဲ့  ၂၀၂၁ ခုနှစ် ၊ဇွန်လ ၁၇ ရက် ထုတ်ပြန်ချက်အရ စည်းကြပ်မှုမှ ကင်းလွတ်နေတဲ့ ဝင်ငွေအပေါ် ၁ ကျပ်မှ သိန်း ၁၀၀၀ အထိကို ၃ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ မှ သိန်း ၃၀၀၀ အတွင်း ၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ မှ သိန်း ၁၀၀၀၀ အတွင်း ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀၀ မှ သိန်း ၃၀၀၀၀ အတွင်း ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀၀ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ဖော်ပြထားတာကြောင့် အရင်ကကထက် ရာခိုင်နှုန်းလျှော့ပေါ့ပေးထားတာ တွေ့ရပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှာ အကြံဉာဏ်ပေးနေတဲ့ စျေးကွက်သုတေသီတဦးက “ခေတ်က ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော်။ အိမ်ခြံမြေကတော့ ရေရှည်ကြာလာတာနဲ့အမျှ သာသွားတာပဲလေ။ ဒေါ်လာနဲ့ ရွှေ ဆိုတာက အခိုက်အတန့်လေး တခုမှာ ဝုန်းကနဲ တက်သွားပြီး ကျရင်လည်း ဝုန်းကနဲ  ပြန်ကျတာပဲလေ။ အိမ်ခြံမြေကတော့ အဲ့လို ပုံစံမျိုး မဟုတ်ဘူး။ သူက နှစ်နဲ့ချီပြီး အချိန်ကြာတယ်။ ဒါကြောင့် ဒေါ်လာနဲ့ ရွှေ လို စွန့်စားရမှု သိပ်မများဘူးပေါ့” လို့ ပြောပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်အတွက် ငွေပေးချေရာမှာလည်း ဘဏ်ကတဆင့် ငွေထုတ်ရတာခက်ခဲလို့ အရင်ကပုံစံမျိုး မဟုတ်တော့ဘဲ အများစုက banking ကတဆင့် ငွေလွှဲတာကို လက်ခံလာကြတဲ့အပြင် ရာခိုင်နှုန်းနဲ့ပတ်သတ်ပြီး တယောက်နဲ့တယောက် ညှိနှိုင်းကာ အရောင်းအဝယ်လုပ်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013