DVB Logo
Home
မြန်မာသတင်း
စစ်ပွဲအန္တရာယ်နှင့် အခက်အခဲကြားက ကျန်းမာရေးသူရဲကောင်းများ
သီရိ
·
April 24, 2026
ကရင်နီစစ်ရှောင်များကို ကုသပေးနေသည့် ဆေးခန်းတခု။ (Photo: DVB)
ကရင်နီစစ်ရှောင်များကို ကုသပေးနေသည့် ဆေးခန်းတခု။ (Photo: DVB)
Donate to DVB

သေနတ်သံ၊ ဗုံးသံတွေ ဆူညံနေတဲ့ တော်လှန်ရေး ၅ နှစ်တာ ကာလအတွင်းမှာ ပြည်သူတွေအတွက် အသက်တမျှ အရေးကြီးဆုံးကတော့ ကျန်းမာရေးစောင့်ရှောက်မှုပဲ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းရန်နဲ့ ပိတ်ဆို့မှုတွေ၊ အခက်အခဲပေါင်းစုံကြားကနေ ကိုယ့်အသက်ကို ပဓာနမထားဘဲပြည်သူတွေကို မဆုတ်မနစ် ကယ်တင် ကုသပေးနေကြတဲ့ သူရဲကောင်းတွေကတော့ ကျန်းမာရေးဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ် ဆေးကုသပေးဖို့နဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေသခံ ပရဟိတအဖွဲ့တွေဟာ ရှေ့တန်းကနေ တက်ညီလက်ညီ ဝိုင်းဝန်း ကူညီပေးနေကြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ မြို့နယ်တိုင်းမှာ NUG ရဲ့ ဆေးရုံ၊ ဆေးခန်းတွေ ဖွင့်လှစ်ထားသလို Mobile Medical Team တွေနဲ့လည်း ရွာစဉ်လှည့်ပြီး ပြည်သူတွေဆီ အရောက်သွားကာ ကုသမှုတွေ ပေးနေတာပါ။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ထဲက တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာဆိုရင် NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆေးခန်း ၄ ခု ဖွင့်လှစ်ထားပါတယ်။ အဲဒီမှာ CDM ဆရာဝန်တွေ၊ သူနာပြုတွေအပြင် ဆရာဝန်တွေက ပြန်လည်သင်ကြားပေးထားတဲ့ ဆေးတပ်သားတွေနဲ့ အင်တိုက်အားတိုက် လည်ပတ်နေကြတာပါ။

ဒေသခံတွေကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးတာ၊ ကလေးမွေးဖွားတာကအစ ခွဲစိတ်ကုသတာတွေအထိ အခမဲ့ ဆောင်ရွက်ပေးနေပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေကို ရှိတဲ့ဆေးဝါးနဲ့ အကောင်းဆုံးဖြစ်အောင် စောင့်ရှောက်ပေးနေတဲ့ အကြောင်း CDM ဆရာဝန်တယောက် ဖြစ်တဲ့ ဆရာချင်းက ပြောပြပါတယ်။

“ကာကွယ်ဆေးတော့ မပေးနိုင်သေးဘူး၊ ရှိတဲ့ဆေးဝါးနဲ့ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တာတွေ လုပ်ပေးတယ်၊ Due date ပေါ် မူတည်ပြီး ခေါ်ရတာပေါ့ နီးရင်နီးသလိုပေါ့။ တလတကြိမ် ၁၅ ရက်တခါ ၇ ရက်တခါ အဲ့လိုခေါ်ရတာပေါ့။ ဆရာဝန်တွေနဲ့က အမြဲတမ်းထိတွေ့နေရတာပဲ၊ လိုအပ်လို့ ခွဲစိတ်ရမယ်ဆို တန်းခွဲစိတ်ပေးတာပဲ။ ရိုးရိုးမွေးမယ် Normal ဆို normal ပေါ့၊ ခွဲစိတ်မယ်ဆို ခွဲမယ်ပေါ့၊ အမြဲတမ်းလုပ်ပေးနိုင်တယ်။”

မြေပြင်မှာ အခုလို အားကြိုးမာန်တက် ကုသပေးနေပေမဲ့ အရာရာ အဆင်ပြေချောမွေ့နေတာ မဟုတ်ပါဘူး။

အကြီးမားဆုံး စိန်ခေါ်မှုကြီးတခုကတော့ ဆေးဝါးလုံလုံလောက်လောက် ရဖို့ပါ။ ဆေးဝါးဝယ်ယူဖို့ NUG က ချပေးတဲ့ ရန်ပုံငွေအပြင် ပရဟိတအဖွဲ့တွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလှူငွေ ရှာဖွေကြရပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်မှုအောက်မှာ ဆေးဝါးဈေးတွေ အဆမတန် တက်နေသလို စစ်အုပ်စုရဲ့ ဂိတ်တွေကနေ ဆေးဝါးသယ်ယူခွင့် ကန့်သတ်တာ၊ သိမ်းဆည်း ဖမ်းဆီးတာတွေကြောင့် အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။

ကလေးမြို့နယ် အနောက်ပိုင်းဒေသ Mobile Medical Team မှ ဒေါ်ရတီအုန်းက “ကျမတို့ အနေနဲ့ကတော့ ဆေးဝါးတွေအတွက် ဝယ်ယူဖို့ငွေကိုတော့ အလှူရှင်တွေရဲ့ လှူဒါန်းမှုကနေရပါတယ်။ ဝယ်တာကတော့ နည်းလမ်းပေါင်းစုံနဲ့ ရနိုင်သမျှနေရာတိုင်းကနေ ရှာဖွေပြီးတော့ ဝယ်ယူနေပါတယ်၊ ဆေးဝါးအလုံအလောက်ရဖို့ဆိုရင် ငွေကြေးလည်းလိုတယ်၊ နောက်ပြီးတော့ စစ်ကောင်စီဘက်က ဆေးဝါးသယ်ယူခွင့် ပိတ်ထားတာရှိတယ်၊ ဆေးသယ်လာရင် လမ်းမှာ သိမ်းဆည်းတာ ဖမ်းဆီးတာ ဒဏ်ရိုက်တာတွေလည်းရှိတယ်”လို့ ပြောပါတယ်။ 

ဒီလိုပိတ်ဆို့မှုတွေကြောင့် တော်လှန်ရေး ၅ နှစ်တာ ကာလအတွင်း ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ လိုအပ်တဲ့ ကာကွယ်ဆေးတွေကို အပြည့်အဝ မရရှိကြသေးပါဘူး။

နောက်တခုက လုံခြုံရေးပါ။ အာဏာသိမ်းစစ်တပ်က တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေက ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့က ပြည်သူ့ဆေးရုံကို ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်တပ်က ဗုံးကြဲတိုက်ိခုက်ခဲ့တဲ့အတွက် လူနာနဲ့ ကျန်းမာရေးဝန်ထမ်း ၃၀ ကျော် သေဆုံးခဲ့သလို ၇၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ငပယင်းရွာဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့တဲ့အတွက် မွေးကင်းစ ကလေးတယောက် အပါအဝင် ၇ ယောက် သေဆုံးခဲ့ရပါတယ်။

အဲဒီလို အန္တရာယ်တွေ ရှိနေပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကိုယ့်အသက်အန္တရာယ် လုံခြုံရေး အာမခံချက် မရှိတဲ့ကြားက ပြည်သူတွေအတွက် တတ်စွမ်းသမျှ ကြိုးစားနေကြဆဲပါ။

CDM ဆရာဝန် ဆရာချင်းက “လုံခြုံရေးကတော့ ထုံးစံအတိုင်းပဲပေါ့၊ အစ်ကိုတို့ ရောက်တဲ့နေရာမှာ ကျင်းတူး ဘန်ကာဆောက်ပေါ့၊ ဒီလိုပဲနေရတာပဲ။ ဒီနေရာ မလုံခြုံဘူးထင်ရင် နောက်တနေရာရွှေ့ အဲ့လိုပဲပေါ့။ လူနာများမယ်ဆိုရင် လူနာလေးတွေခွဲထားပေါ့။ တနေရာတည်း စုပြုံမထားဘူးလေ။ နေရာလေးတွေ ခွဲထားရတာ။ သိတဲ့အတိုင်းပဲ ဒီကောင်တွေက အမျိုးမျိုး သတင်းကြားပြီဆိုတာနဲ့၊ အခု အစ်ကို့ဆေးခန်းတောင် ပါသွားပြီလေ” လို့ ပြောပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းကာစကနေ အခု ၂၀၂၆ ခုနှစ် မတ်လအထိ နိုင်ငံအနှံ့က ဆေးရုံ၊ ဆေးခန်းပေါင်း ၁၆၀ ကျော်ကို ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ NUG ရဲ့ စာရင်းတွေအရသိရပါတယ်။

ဒါ့အပြင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ သူတို့ကို ကုသခွင့်ပေးတဲ့ မြို့ပေါ်ကဆေးရုံတွေကို ချိပ်ပိတ်တာတွေလည်း လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့ မြေပြင်က ကျန်းမာရေး သူရဲကောင်းတွေကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်အတွက် မရမက ဆက်လက် ရှင်သန် တိုက်ပွဲဝင်နေကြဆဲပဲ ဖြစ်ပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013