မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက နိုင်ငံတော်တည်ထောင်သူနဲ့ သူ့အဘိုးဖြစ်သူ ကင်မ်အီဆွန်းရဲ့ ၁၁၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် အမြောက်တပ်ပစ်ခတ်မှုပြိုင်ပွဲကို ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြား KRT က ဧပြီ ၁၆ ရက်မှာ ကြေညာပါတယ်။
မြောက်ကိုရီးယား ပြည်သူ့တပ်မတော် ဗိုလ်ချုပ်ကြီး ရီယောင်ဂီလ် အပါအဝင် အဆင့်မြင့် စစ်ဘက်အရာရှိတွေနဲ့အတူ အမြောက်တပ်ရဲ့ ပစ်ခတ်မှုကို ကင်မ်ဂျုံအန်း ကြည့်ရှုနေတဲ့ ဓာတ်ပုံတွေကို KRT က ထုတ်လွှင့်ခဲ့ပြီး သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။
စစ်ဆင်ရေးနဲ့ တိုက်ပွဲတွေမှာ အောင်ပွဲခံဖို့ စစ်ပွဲမှာ အမြောက်တပ်တွေကို ထိထိရောက်ရောက် သုံးတာဟာ အရေးကြီးဆုံးအချက်ဖြစ်တယ်လို့ ကင်မ်ဂျုံအန်းက ပြောခဲ့ပြီး ပစ်ခတ်မှုပြိုင်ပွဲကို ဧပြီ ၁၅ ရက်မှာ ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ကြေညာပါတယ်။
ဧပြီ ၁၅ ရက်ဟာ မြောက်ကိုရီးယားမှာ တနှစ်တာရဲ့ အကြီးမားဆုံး အားလပ်ရက်ဖြစ်ပြီး “နေမင်းနေ့” အဖြစ် ကျင်းပတဲ့ ကင်မ်အီဆွန်းရဲ့ မွေးနေ့ပါ။
ကင်မ်အီဆွန်းဟာ ၁၉၄၈ ခုနှစ် နိုင်ငံတည်ထောင်ချိန်ကနေ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ ကာလအထိ နိုင်ငံကို ဦးဆောင်ခဲ့ပြီး ၁၉၉၄ ခုနှစ် ကွယ်လွန်ချိန်အထိ နိုင်ငံကို ဦးဆောင်ခဲ့ပါတယ်။ သူကွယ်လွန်အပြီး သားဖြစ်သူ ကင်မ်ဂျုံအီးလ်က သူ့နေရာကို ဆက်ခံခဲ့ပါတယ်။
Source: Reuters










