DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) အရှုံးပေါ်နေသဖြင့် ရှယ်ယာထုတ်ရောင်းရန်စီစဉ်နေ
DVB
·
September 15, 2021
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) အရှုံးပေါ်နေသဖြင့် ရှယ်ယာထုတ်ရောင်းရန်စီစဉ်နေ
Donate to DVB

နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airline)ဟာ ကြီးမားတဲ့ အရူံးပေါ်နေတာကြောင့် ဆက်လက် ရပ်တည်နိုင်ဖို့အတွက်  နိုင်ငံတော်က ချေးငွေရယူဖို့ဆောင်ရွက်နေသလို အစုရှယ်ယာတွေ ထုတ်ရောင်းဖို့လည်း စီမံနေတယ်လို့ စက်တင်ဘာ ၁၅ ရက် ဒီကနေ့ထုတ်စစ်ကောင်စီအာဘော် ကြေးမုံသတင်းစာပါ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

“ကိုဗစ်တတိယလှိုင်းနဲ့ လေကြောင်း စီးပွားရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီဆောင်းပါးမှာ မြန်မာ အမျိုးသားလေကြောင်းလိုင်းဟာ  ကိုဗစ်ကာလအတွင်း ၀င်ငွေ ၈၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

ကိုဗစ်ကြောင့် ၀င်ငွေကျဆင်းနေတဲ့ ကာလနှစ်ချီလာပြီဖြစ်လို့ လေကြောင်းလိုင်း ဆက်ရပ်တည်နိုင်ဖို့အတွက် လေယာဉ်နဲ့ ဝန်ထမ်းအင်အားလျှော့ချပြီး အသုံးစရိတ်လျော့ကျလာအောင် စီမံနေတယ်လို့လည်းဆိုပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်းမှာ  အကြီးမားဆုံးအသုံးစရိတ်က လေယာဉ်တွေငှားရမ်းခ ပေးချေစရိတ်နဲ့ ၀န်ထမ်းလစာစရိတ်တွေ ဖြစ်တဲ့အတွက် လေကြောင်းလိုင်းမှာပြေးဆွဲနေတဲ့ လေယာဉ် ၁၀ စင်းအထိ လျှော့ချပြီး မူလ၀န်ထမ်းအင်အား ၂၀၀၀ ကျော်ကိုလည်း အချိုးကျလျှော့ချဖို့စီမံနေတယ်လို့လည်း ဆောင်းပါးမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် အဆိုပါလေကြောင်းလိုင်းမှာ  ဖြစ်ပေါ်နေတဲ့ ငွေကြေးအခက်အခဲတွေ ပြေလည်စေဖို့အတွက် နိုင်ငံတော်ကနေ ချေးယူရရှိဖို့ဆောင်ရွက်နေသလို အများပြည်သူကို အစုရှယ်ယာတွေ ထုတ်ရောင်းချဖို့လည်း စီမံနေတယ်လို့ အဲဒီဆောင်းပါးမှာ ဖော်ပြထားတာပါ။

မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ တရား၀င်ဝဘ်ဆိုက်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့  အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တရား၀င်အသိပေး ထုတ်ပြန်ထား ခြင်းမရှိသေးပါဘူး။

 မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဟာ ၁၉၄၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့  သက်တမ်း ၇၃ နှစ်ရှိပြီဖြစ်တဲ့ နိုင်ငံပိုင် လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး စတင်တည်ထောင်စဉ် မူလက MNA အမည်နဲ့တော့ မဟုတ်ခဲ့ပါဘူး။ 

မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ Union of Burma Airways (UBA) အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ Burma Airways အဖြစ် အမည်ပြောင်းခဲ့ကာ ၁၉၈၉ ဧပြီ ၁ ရက်နေ့မှတော့ Myanma Airways  အမည်ထပ်မံ ပြောင်းလဲခဲ့ပါတယ်။ ဒီနောက် ၁၉၉၃ ခုနှစ်မှာ Myanmar Airways International (MAI) အမည်နဲ့  ဖက်စပ်လုပ်ကိုင်ခဲ့ကာ ၂၀၁၄ ဒီဇင်ဘာလမှာ  မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)  အဖြစ် နာမည်သစ်နဲ့ပြေးဆွဲခဲ့တာဖြစ်ပါတယ်။  

ပြည်တွင်း ပြည်ပ ခရီးစဉ် ၃၀ ကျော် ပြေးဆွဲပေးနေတဲ့ လေကြောင်းလိုင်းဖြစ်ပေမဲ့ လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ပြည်ပခရီးစည်တွေ ပျံသန်းပြေဆွဲမှု ရပ်နားထားရပြီး ငွေကြေးအခက်အခဲကို ဖြေရှင်းဖို့ နိုင်ငံတော်ကနေ အမေရိကန် ဒေါ်လာ ၂၄ သန်း ထုတ်ချေးပေးဖို့ တောင်းခံထားရတယ်လို့ ပြည်တွင်း သတင်းဌာန တစ်ခုမှာ ဖော်ပြထားပါတယ်။

Photo-MNA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013