
ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း ဂမုန်းပွင့်အနီး ရပ်ထားတဲ့ ကားပေါ်ကနေ ငွေကျပ်သိန်း ၆၀၀ ခိုးယူသွားတဲ့ အမျိုးသားတယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အာဏာရှင် ဝါဒဖြန့် MWD သတင်းမှာ ဩဂုတ် ၁၂ ရက်က ထုတ်ပြန်ပါတယ်။
ပြစ်မှုကျူးလွန်သူ ဇော်လတ် (ခ) အောင်ဇော်လတ်ကို ဩဂုတ် ၉ ရက်က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အင်းကုန်းကျေးရွာရှိ သူ့ရဲ့နေအိမ်မှာ ငွေကျပ်သိန်း ၁၄၀ နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အခင်းဖြစ်ပွားတဲ့ ဩဂုတ် ၅ ရက်က MAB ဘဏ်အနီး လမ်းဘေးမှာ ရပ်ထားတဲ့ အိမ်စီးကားပေါ်မှ အမျိုးသမီးတယောက်က ဆင်းလာပြီး ကားကို လော့ချစဉ် သူ့ကားရဲ့ အနောက်တံခါး လက်ကိုင်ကွင်းကို လော့မကျအောင် မ,တင်ထားခဲ့ကြောင်း၊ ဒီနောက် ပိုင်ရှင်အမျိုးသမီးက MAB ဘဏ်အတွင်းသို့ ခဏသွားရောက်စဉ် ကားအနောက်ခန်းမှ ငွေကျပ်သိန်း ၆၀၀ ကို ခိုးယူခဲ့တာလို့ တရားခံ ဇော်လတ်ရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။
ငွေကျပ်သိန်း ၆၀၀ ရရှိပြီးနောက် ရွှေလက်စွပ် ၂ ကွင်း ဝယ်ယူခဲ့ကာ သိန်း ၂၀၀ ကို ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ အသိမိတ်ဆွေထံမှာ အပ်နှံထားခဲ့ပြီး ကျန်ငွေသိန်း ၁၄၀ ကို ယူဆောင်ကာ ဟင်္သာတမြို့နယ်ရှိ နေအိမ်သို့ ပြန်လာစဉ် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
ကမာရွတ်မြို့နယ် ရဲစခန်းနဲ့ နီးစပ်သူတယောက်က "လိုင်းပေါ်မှာ သတင်းတွေ ပျံ့နေသလို သိန်း ၆၀၀ က တကယ်ပျောက်သွားတာပါ။ ခိုးတဲ့သူလည်း မိပါပြီ။ တခြားခိုးမှုတွေ ရှိ၊ မရှိ ဆက်လက်စစ်ဆေးနေပါတယ်" လို့ ပြောပါတယ်။
လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ ဇော်လတ် (ခ) အောင်ဇော်လတ်ကို ကမာရွတ်မြို့နယ် ရဲစခန်းက (ပ) အမှတ် ၁၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေပါတယ်။











