
ရန်ကုန်မြို့မှာ စည်ပင်အမှိုက်သိမ်းကား အသုံးပြုပြီး မနက်အစောပိုင်းမှာ ပစ္စည်းလိုက်ခိုးတဲ့ CCTV မှတ်တမ်း ထွက်လာခဲ့ပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းကနေ အိမ်တခုရဲ့ CCTV မှတ်တမ်းကနေ ခိုးယူတာကို စောင့်ကြည့် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့က လူမူကွန်ရက် အသုံးပြုသူတယောက်က “အဲဒီဌာနက အထက်ကနေ အောက်ခြေဝန်ထမ်းအထိ နည်းအမျိုးမျိုးနဲ့ ခိုးနေတော့တာပဲ” လို့ မှတ်ချက်ပြု ပြောဆိုထားပါတယ်။
အဲဒီ CCTV ထဲမှာ သြဂုတ် ၁၁ ရက်၊ မနက် ၂ နာရီ ၄၅ မိနစ်က အမှိုက်သိမ်းကားတစီး လမ်းမပေါ် ထိုးရပ်လိုက်ပြီး မကြာခင် အင်္ကျီမပါ၊ ပုဆိုးဝတ်ထားသူတယောက် အိမ်ရှေ့ရပ်ထားတဲ့ ကားနှစ်စီးကြားထဲ ဘေးဝဲယာကြည့်ရင်း ဝင်လာတာ တွေ့ရပါတယ်။
ပြီးတော့ အိမ်ဘက် ဆက်ဝင်လာပြီး ပိုက်ခွေလို့ယူဆရတာ သယ်ထုတ်လာပြီး အမှိုက်သိမ်းကားဘက် ပြန်ထွက်သွားခဲ့ကာ သိပ်မကြာခင် ကား ၂ စီးကြား ပြန်ရောက်လာတဲ့ လှုပ်ရှားမှုကို မြင်ရပါတယ်။
အဲဒီနောက် အိမ်ရှေ့က ပစ်ကပ်ကားဘေး ထိုင်လိုက်ပြီး တစုံတရာ ဖြုတ်ယူနေဟန် အနေအထား တွေ့ရကာ ခဏအကြာမှာ ထထွက်သွားတာကို CCTV ကနေ စောင့်ကြည့် ရိုက်ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ CCTV မှတ်တမ်းကို ဖြန့်ဝေထားသူတယောက်က အိမ်ရှေ့မှာထားတဲ့ပစ္စည်း ခိုးတဲ့အပြင် ပစ်ကပ်ကားထဲက ဆီပါ ခိုးယူသွားတာဖြစ်ကြောင်း အသိပေးထားသလို စည်ပင် အမှိုက်သိမ်းယာဥ် အသုံးပြု ခိုးယူတဲ့ လုပ်ရပ်အပေါ် ထိထိရောက်ရောက် အရေးယူပေးဖို့ တိုက်တွန်းထားပါတယ်။











