DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ် ပစ်သတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၀၉၀ နီးပါးရှိလာ
DVB
·
September 15, 2021
အကြမ်းဖက်စစ်တပ် ပစ်သတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၀၉၀ နီးပါးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၀၉၀ နီးပါး ရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၁၂၈ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၄၇၇ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၇၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှာ စက်တင်ဘာ ၁၂ ရက်၊ ည ၁၀ နာရီ လောက်က ဆိုင်ကယ်စီးကာ နေအိမ်ကိုပြန်လာတဲ့ လူငယ် ၃ ယောက်ဟာ အကြမ်းဖက် စစ်အုပ်စု တပ်စွဲထားတဲ့ စခန်းရှေ့က ဖြတ်မောင်းသွားတဲ့အတွက် ပစ်ခတ်ခံခဲ့ရပြီး အသက် ၁၇ နှစ်အရွယ် မောင်ဘီးဘီးဟာ နောက်ကျောနဲ့ ဆီးခုံကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။ သူနဲ့အတူဆိုင်ကယ်စီးလာတဲ့ လူငယ်တယောက်ကတော့ နောက်ကျောကို ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်၊ မဘိမ်းမြို့မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုကို ဖမ်းဆီးရမိခြင်းမရှိတာကြောင့် သမီးဖြစ်သူကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဓားစာခံအဖြစ် စက်တင်ဘာ ၁၂ ရက်နေ့က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရှိရပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့က မြို့နယ်ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ် ရန်နိုင်လင်းကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၁၂ ရက်နေ့ ညအချိန်က သွားရောက်ဖမ်းဆီးချိန်မှာ မတွေ့တာကြောင့် သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်နီနီဝင်း၊ သားဖြစ်သူ ကိုဖြိုးမင်းသန့်နဲ့ ညီဖြစ်သူ ကိုသိန်းတုပ်တို့ကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်။ ဒါ့အပြင် အနီးအနားမှာရှိတဲ့ မီးရထားဝန်ထမ်း ကိုအာကာဟိန်းနဲ့ ဒေါ်ဝင်းဆိုသူတို့ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ် နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013