DVB Logo
Home
မြန်မာသတင်း
အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ် ၂၀၀၀ အောက်ပြန်ကျလာ
DVB
·
September 14, 2021
အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ် ၂၀၀၀ အောက်ပြန်ကျလာ
Donate to DVB

ပြည်တွင်း နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းအပေါ် စစ်ကောင်စီ ဗဟိုဘဏ်က စျေးကွက်ပေါက်စျေးအတိုင်း  နှုန်းရှင်မျှောလိုက်ပြီးနောက် စျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက မြန်မာငွေ ကျပ် ၂၀၀၀ အောက် ပြန်ဆင်းလာပါတယ်။

ပြည်တွင်းနိုင်ငံခြားငွေကြေးစျေးကွက်မှာ အမေရိကန် တစ်ဒေါ်လာတန်ဖိုးက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က မြန်မာငွေ ၂၀၅၀ ကျပ်အထိ အမြင့်ဆုံးရှိခဲ့ပြီး စက်တင်ဘာ ၁၄ ရက် ဒီနေ့တော့  မြန်မာငွေ ကျပ် ၂၀၀၀ အောက် ပြန်ဆင်းသွားတာပါ။

နိုင်ငံခြားငွေကြေး ရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ လုပ်ငန်းရှင်တဦးက “ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းအပေါ် နှုန်းရှင် လုပ်လိုက်တာရယ်၊ ပြီးတော့ ဒေါ်လာ ၁၅ သန်း ထုတ်ရောင်းတာရယ် ၂ ခုပေါင်းလိုက်တော့ အခု ဒေါ်လာစျေးက ကျသွားတယ်။ အရင်ကတော့ ငွေလဲကောင်တာတွေမှာ သူကပ်တဲ့စျေးက ဗဟိုဘဏ်သတ်မှတ်စျေးဆိုတော့ ရှိတဲ့သူတွေကလည်း မရောင်းဘူးလေ။ ဘာလို့လဲဆို ဘုတ်မှာရေးတဲ့စျေးက နည်းတော့ လူတွေက မရောင်းဘဲ ထွက်ပြေးကုန်တာပေါ့။ အဲဒါကြောင့် အပြင် စျေးကွက်ကို ရောက်ကုန်ပြီး မှောင်ခိုစျေးကွက်က ပေါ်လာတာ။ အခုတော့ ဘုတ်မှာရေးတဲ့စျေးက နီးစပ်တယ်ဆိုပြီး ရှိတဲ့သူတွေက ထုတ်ရောင်းလာကြလို့ အရောင်းများလာတယ်” လို့ ပြောပါတယ်။

နိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းနိုင်ငံခြားငွေကြေးစျေးကွက်မှာ ငွေကြေးလဲလှယ်နှုန်းအပေါ် ဝင်ရောက်ထိန်းတဲ့အနေနဲ့ ရောင်းစျေးနဲ့ ဝယ်စျေးနှုန်းအကြား အများဆုံးထားရှိရမယ့် ကွာဟချက်ကို နေ့စဉ် ထုတ်ပြန်ပြီး သတ်မှတ်ပေးနေရာက  ဒီသတ်မှတ်ချက်ကို စက်တင်ဘာ ၁၀ ရက်ကစတင်  ပယ်ဖျက်လိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါ တယ်။

ဗဟိုဘဏ်က အခုလိုထုတ်ပြန်ကြေညာလိုက်တဲ့အပေါ် စီးပွားရေးသုတေသီတဦးက “အဓိက ဘာကြောင့်လုပ်လဲဆို ထိန်းရခက်လာလို့ပေါ့နော်။ စျေးကွက်အတိုင်းပဲ မျှောလိုက်ပြီး မထိန်းတော့ဘူး။ ထိန်းကျောင်းလို့လည်း မရတော့ဘူးလို့ သူ့အနေနဲ့ ယူဆလို့ပေါ့။ တကယ်လို့ ထိန်းကျောင်းလို့ရှိရင်လဲ ပိုပြီး အခက်အခဲဖြစ်မယ်။ ဒီတော့စျေးကွက်အတိုင်း မျှောလိုက်တာက ပိုကောင်းမယ်လို့ သူတို့ ယူဆကြတယ်လို့ ကျနော် ထင်တယ်။ အဲ့တော့ တချို့ကလည်း ပြောကြဆိုကြတာက ဒီဒေါ်လာစျေးတက်တာက အပေါ်အလွှာနဲ့ပဲ ဆိုင်တယ်ပေါ့။ ဆင်းရဲသား အခြေခံ လူတန်းစားတွေနဲ့ မဆိုင်ဘူး။ အခြေခံကုန်စျေးနှုန်းမတက်ရင် ပြီးရောပေါ့နော်။ ဆိုတော့ ဒေါ်လာစျေးတက်တာ သူတို့နဲ့မဆိုင်ဘူးဆိုပြီး ပြောကြတာပေါ့။ အဲ့ဒါက ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ ဟုတ်ရင် ဟုတ်မယ်။ မြန်မာနိုင်ငံမှာတော့ ဒီစျေးနှုန်းတွေက တခုနဲ့ တခု သွားပြီးဆက်စပ်နေတယ်ဗျ။ အဲ့တော့ ကျနော်တို့မြင်တာကတော့ ဗဟိုဘဏ်အနေနဲ့ လက်လွတ်စပယ်ပေါ့နော်၊ ပစ်ထားတာမျိုးမလုပ်ဘဲ အတော်အသင့်ထိန််းသင့်တယ်” လို့ ပြောပါတယ်။

ပြည်တွင်းနိုင်ငံခြားငွေကြေးစျေးကွက်မှာ ဒီကနေ့ အရောင်းအဝယ်ဖြစ်တဲ့စျေးနှုန်းက နိုင်ငံခြားငွေကြေး ရောင်းဝယ်ခွင့်ရရှိထားတဲ့ ငွေလဲကောင်တာတွေမှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက မြန်မာငွေ အဝယ် ၁၉၁၀-၂၀ ကျပ် နဲ့ အရောင်း ၁၉၅၀-၆၀ ကျပ် ရှိပါတယ်။

ယူရိုငွေကြေးက ၁ ယူရိုကို မြန်မာငွေ အဝယ် ၂၀၇၀ ကျပ်နဲ့ အရောင်း ၂၁၂၀ ကျပ်၊ စင်္ကာပူငွေကြေးက ၁ ဒေါ်လာကို မြန်မာငွေ အဝယ် ၁၃၄၀ ကျပ်နဲ့ အရောင်း ၁၃၉၀ ကျပ်၊ ထိုင်းငွေကြေးက ၁ ဘတ်ကို အဝယ် ၅၆.၅ ကျပ် နဲ့ အရောင်း ၅၉.၅ ကျပ် ရှိပါတယ်။ ဒီစျေးနှုန်းတွေက ငွေလဲကောင်တာ တခုနဲ့တခုအကြားမှာ စျေးနှုန်း အချိန်နဲ့အမျှ အနည်းငယ် အပြောင်းအလဲရှိနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013