
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို ဇူလိုင် ၉ ရက်ကစပြီး ဒီနေ့အထိ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးနေသလို လေယာဉ်တွေနဲ့လည်း ဗုံးကြဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကနီဒေသခံတယောက်က “သူတို့က မြေပြင်ကလည်း စစ်ကြောင်းထိုးတယ်။ ဝေဟင်ကလည်း လေယာဉ်နဲ့ရော၊ ဒရုန်းတွေနဲ့ရော ဗုံးသီးချ တိုက်ခိုက်နေတယ်။ ဇူလိုင် ၁၀ ရက်နေ့ကတော့ ယက္ကန်းတိုင်ရွာကို မနက်မိုးမလင်းခင် အစောကြီးဝင်ပြီး ရွာထဲက စာနပ်ရိက္ခာတွေနဲ့ ရွှေ၊ ငွေတွေကို ယူသွားတယ်။ ရွာသားနှစ်ဦးကိုလည်း ဖမ်းသွားတယ်။ ဒီနေ့ဇူလိုင် ၁၂ ရက်နေ့အထိ ပြန်လွှတ်ပေးတာ မကြားမိသေးဘူးဗျ။ ဇူလိုင် ၁၁ ရက် နေ့ခင်းတုန်းကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ပြုလုပ်သွားတယ်။ လူအထိခိုက်တော့ မရှိဘူး။ ဒီနေ့ ဇူလိုင် ၁၂ ရက်နေ့ မနက်ခင်းကတော့ မင်းမရွာကို စစ်ကြောင်းထိုး ဝင်ရောက်နေပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ကလည်း မင်းမရွာကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို နွားတင်းကုပ်ပေါ် ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့ပါတယ်။
ကနီမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “စစ်ရေးကတော့ သူ့ဘက်က စောင့်ကြည့်၊ ကိုယ့်ဘက်စောင့်ကြည့် အနေအထားပါ။ သူတို့က နယ်မြေစိုးမိုးမှု ပြန်လိုချင်နေတာ။ အဲဒါကို ချောင်းမရွာမှာ အထိုင်ချပြီး ဟိုရွာ စစ်ကြောင်းထိုး၊ ဒီရွာစစ်ကြောင်းထိုးနဲ့ လုပ်နေတာ။ နောက်ပြီး ပြည်သူတွေကို ဖမ်းပြီး ရိက္ခာတွေကို သယ်ယူတာတွေ ပြုလုပ်တယ်။ နှစ်ဖက် တိုက်ပွဲကတော့ ကျနော့်အမြင် မကြာခင် ဖြစ်တော့မယ်လို့ ယူဆရတယ်။ ဒီကောင်တွေ ပြည်သူတွေကို အနိုင်ကျင့် လုယက်စားသောက်နေကြတာ များနေပြီ” လို့ ပြောပါတယ်။
စစ်ကြောင်းဟာ ကနီနယ်တောင်ခြမ်းကို မတ် ၂၈ ရက်နေ့ကစလို့ ယင်းမာပင်မြို့နယ်ဘက်ခြမ်းကနေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကနီမြို့နယ် ချောင်းမရွာမှာ အထိုင်ချတပ်စွဲနေတာကြောင့် အနီးဝန်းကျင်က သင့်ဝင်ရွာ၊ အောင်မင်္ဂလာရွာ၊ မင်းမရွာ စတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ နေရပ်မပြန်ရဲကြဘဲ စစ်ဘေးရှောင်နေကြရတာဟာ ၃ လလောက်ကြာနေပြီ ဖြစ်ပါတယ်။










