DVB Logo
Home
မြန်မာသတင်း
အထည်ချုပ်စက်ရုံများ ပိတ်သိမ်းနေသဖြင့် အလုပ်လက်မဲ့ ၂ သိန်းခန့် ထပ်တိုးလာနိုင်
DVB
·
September 14, 2021
အထည်ချုပ်စက်ရုံများ ပိတ်သိမ်းနေသဖြင့် အလုပ်လက်မဲ့ ၂ သိန်းခန့် ထပ်တိုးလာနိုင်
Donate to DVB

အထည်ချုပ်စက်ရုံတွေ ဆက်တိုက်ပိတ်သိမ်းခဲ့တာကြောင့် အခုနှစ်ကုန်မှာ အလုပ်လက်မဲ့ ဦးရေ ၂ သိန်းလောက်ထပ်တိုးလာနိုင်တယ်လို့ အလုပ်သမားရေးရာကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အထည်ချုပ်လုပ်ငန်းတွေ မလည်ပတ်နိုင်တော့တာကြောင့် ရန်ကုန်မြို့က စက်ရုံတွေ ဆက်တိုက်ပိတ်သိမ်းခဲ့တာပါ။

နိုင်ငံရေးအခြေအနေအရ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ ထွက်ခွာတာ၊ ဘဏ်စနစ်ယိုယွင်းပြီး ငွေကြေးမလည်ပတ်နိုင်တာ၊ ကိုဗစ်-၁၉ ပြဿနာတွေကြောင့် လုပ်ငန်းရှင်တွေဟာ အစောပိုင်းမှာ လုပ်သားလျှော့ချခဲ့ပြီး နောက်ပိုင်းမှာတော့ စက်ရုံတွေပိတ်သိမ်းတဲ့အထိ ဖြစ်လာပါတယ်။ 

စက်မှုဇုန်လုပ်ငန်းတွေမှာ လုပ်သားတွေကို အလုပ်အကိုင်အခွင့်အလမ်း အများဆုံးပေးခဲ့တဲ့ အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းတာကြောင့် လုပ်သားတွေဟာ စားဝတ်နေရေး ခက်ခဲနေ ကြပါတယ်။ 

အထည်ချုပ်စက်ရုံ ၇၀၀ ကျော်ရှိတဲ့အထဲကအများစုဟာ ပိတ်သိမ်းခဲ့ရတာကြောင့် လုပ်သား တစ်သိန်းကျော်အလုပ်လက်မဲ့ဖြစ်နေပြီး အခုနှစ်ကုန်မှာ အလုပ်လက်မဲ့ဦးရေ ၂ သိန်းလောက် ထပ်တိုးလာနိုင်တယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS-TUsF ရဲ့လက်ထောက်အတွင်းရေးမှူး ကိုနေလင်းအောင်က ပြောပါတယ်။

မပိတ်သိမ်းဘဲကျန်နေတဲ့ စက်ရုံတချို့ကတော့ အရင်တုန်းကလို လခစားစနစ်နဲ့  လုပ်ခ ရှင်းမပေးတော့ဘဲ နေ့စား၊ ပုတ်ပြတ်စနစ်နဲ့လုပ်ခပေးချေတဲ့ ပုံစံကိုပြောင်းလဲကျင့်သုံးနေပါတယ်။ ငွေပေးချေတဲ့နည်းလမ်းပြောင်းလဲလိုက်တဲ့အတွက် NLD အစိုးရလက်ထက်တုန်းကလို့ အနိမ့်ဆုံး လုပ်ခလစာ နှုန်းထားကိုမရတော့ဘဲ ဝင်ငွေသိသိသာသာနည်းသွားတယ်လို့ အလုပ်သမား တစ်ယောက်က ပြောပါတယ်။ ဝင်ငွေနည်းသွားသလို လစဉ်ဝင်ငွေရဖို့ အာမခံချက်လည်း မရှိတော့ဘူးလို့ အထည်ချုပ်စက်ရုံလုပ်သား မသဇင် က ဆိုပါတယ်။

အခြေခံလုပ်သားတွေ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုတွေ ဆိုးဆိုးရွားရွားဖြစ်နေပေမယ့် စစ်ကောင်စီက ကူညီဖြေရှင်းဖို့မကြိုးစားဘဲ  သပိတ်တွေမှာ ဦးဆောင်ခဲ့တဲ့ အလုပ်သမားရေးရာ တက်ကြွလှုပ်ရှားသူတွေကို ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း လုပ်သားတွေကို အကူအညီပေးဖို့ကြိုးစားနေပေမယ့် စစ်ကောင်စီရဲ့ထိန်းချုပ်မှုတွေကြောင့် ကူညီနိုင်ဖို့ခက်ခဲနေတယ်လို့ NUG အလုပ်သမားဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေအားလုံးနီးပါး ထွက်ခွာမှာ ဖြစ်ပြီး သူတို့နေရာမှာ တရုတ်နဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေ အစားထိုးဝင်ရောက်လာလိမ့်မယ်လို့ စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013