
ရန်ကုန်မြို့မှာ စက်တင်ဘာ ၁၂ ရက်မနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် သစ်ပင်တွေ ပြိုလဲခဲ့သလို ကားတချို့ပိခံရတာတွေ ရှိခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။
မနေ့ နေ့လယ်ပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် တမြို့လုံးနီးပါး လမ်းပေါ် ရေကြီးတာတွေ ဖြစ်ခဲ့သလို နေရာအနှံ့မှာ သစ်ပင်ပြိုလဲတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနက ကူညီကယ်ဆယ်ရေး ပါဝင်လုပ်ကိုင်ခဲ့သူတယောက်က “ဒီနေ့မိုးက တော်တော်ကြမ်းတာ၊ သစ်ပင်တွေလဲပြီး ထိခိုက်ဆုံးရှုံးတာတွေ အများကြီးရှိတာ တွေ့ရတယ်” လို့ ပြောပါတယ်။
အဲဒီလို မိုးသည်းထန်ပြီး သစ်ပင်လဲကျတာကြောင့် ကြည့်မြင်တိုင်မြို့နယ်၊ ရွှေလိပ်ပြာအိမ်ရာဝင်းထဲမှာ အငှားယာဥ်တစီး သစ်ပင်ပိခံရသလို ရန်ကင်းမြို့နယ်၊ ၁၄ ရပ်ကွက်၊ အောင်ဇေယျလမ်းထိပ်မှာလည်း အငှားယာဥ်တစီး သစ်ပင်ပိခံရတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့အတွင်း တခြားနေရာတွေမှာလည်း သစ်ပင်လဲပြိုတာတွေရှိခဲ့ပြီး ထိခိုက်ဆုံးရှုံးတာတွေရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ဆိုပါတယ်။
ကမ်းလက်လူမှုကူညီရေးအဖွဲ့မှာ ပါဝင်နေသူတယောက်က “ဒီနေ့ အပင်လဲတာတွေ တော်တော်များများဖြစ်လို့ ကူညီရေးသွားမဲ့လမ်းကြောင်း ပိတ်တာတွေကြုံရတယ်။ လမ်းမ တော်တော်များများ ရေမြုပ်တာရှိတယ်” လို့ ပြောပါတယ်။
မနေ့ ညနေပိုင်းက စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဘူတာလမ်း၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ သထုံလမ်းတို့မှာ သစ်ပင်လဲကျခဲ့သလို ဒီမနက်အစောပိုင်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ၁၂၅ လမ်းမှာ သစ်ပင်လဲကျခဲ့ပါသေးတယ်။
ရန်ကုန်မြို့မှာ အခုနောက်ပိုင်းမိုးသည်းသည်းထန်ထန်ရွာသွန်းလို့ ရေကြီးနစ်မြုပ်မှုနဲ့ သစ်ပင်လဲကျတာတွေ ဆက်တိုက်ကြုံတွေ့နေရပြီး ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။











