DVB Logo
Home
Lead Story
ဆော်ဒီလေဆိပ် တိုက်ခိုက်ခံရ၊ လူ ၁၂ ဦးသေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရ
DVB
·
October 11, 2026
Photo: Global News
Photo: Global News
Donate to DVB

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယတ်မြို့တော်ရှိ  ဘုရင်ခါလစ်ဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အောက်တိုဘာ ၁၀ ရက်မှာ  ဟူသီသူပုန်တွေရဲ့ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူ ၁၂ ယောက်  သေဆုံးပြီး အယောက် ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ ဆော်ဒီနိုင်ငံသား ၄ ယောက် အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ယောက်၊ ပါလက်စတိုင်း ၁ ယောက်၊ အမေရိကန်နိုင်ငံသား ၁ တယောက် ၊ အီဂျစ် ၁ တယောက်၊ ဂျော်ဒန် ၁ ယောက်၊ ဆီးရီးယား ၁ ယောက်နဲ့  ဆူဒန် ၁ ယောက်တို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ တချို့ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လေဆိပ်ကနေ လူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး၊ လူနာတင်ကား အများအပြားလည်း လေဆိပ်ကို အပြေးအလွှား သွားရောက်ခဲ့ကြတာကို တွေ့ရပါတယ်။

ဆော်ဒီအာဏာပိုင်တွေကတော့ အခုထိ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘာမှထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။ လေဆိပ်ဘက်ကတော့ ခရီးသည်တွေကို လေဆိပ်မလာခင် သူတို့ရဲ့ လေကြောင်းလိုင်းကို အရင်ဆုံး စုံစမ်းစစ်ဆေးဖို့ အကြံပြုထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပြည်တွင်း လေကြောင်း ခရီးစဉ်တွေအတွက် Terminal ၃ နဲ့ ၄ ကို ထိမှန်ခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုတဲ့ ဒေသဆိုင်ရာ အရာရှိ တယောက်က  ပြောပါတယ်။

ဆော်ဒီ အရပ်ဘက် လေကြောင်း အာဏာပိုင်တွေက လေဆိပ်လုပ်ငန်းတွေကို ရပ်ဆိုင်းထားကြောင်းနဲ့ ဒဏ်ရာရရှိမှုနဲ့ ပျက်စီးမှု အတိုင်းအတာကို အကဲဖြတ်နေကြောင်း ပြောကြားခဲ့ပါတယ်။

လေဆိပ်မှာတော့ ရဲတပ်ဖွဲ့ အမြောက်အမြား ရှိနေပြီး၊ ဝင်ပေါက်အားလုံးကို ပိတ်ဆို့ထားကာ၊ အဆောက်အအုံ တဝိုက်ရှိ မီးတွေကို မှိန်ထားပါတယ်။ လေဆိပ်ရှိ လေကြောင်း ခရီးစဉ် အနည်းဆုံး ၂၉၁ ခုကို ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဖျက်သိမ်းခဲ့ကြောင်း FlightAware လေကြောင်း ခရီးစဉ် စောင့်ကြည့်ရေးဆိုက်ကနေ  သိရပါတယ်။ 

ဆော်ဒီအမျိုးသား လေကြောင်းလိုင်းကတော့ ၎င်း၏ လေယာဉ်တစင်းဟာ မြေပြင်ပေါ်မှာ ရှိနေစဉ် ပျက်စီးသွားခဲ့ပြီး ခရီးသည်တော့ တယောက်မှ မပါရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတို့ အပါအဝင် နိုင်ငံတွေကတော့ သူတို့ရဲ့ နိုင်ငံသားတွေကို ဆော်ဒီလေဆိပ်သို့ ရှောင်ကြဉ်ဖို့ သတိပေးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ယီမင်နိုင်ငံက တီဟီရန်နောက်ခံပြု ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆော်ဒီနိုင်ငံသား လေယာဉ်မှူးတယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုနောက်ပိုင်းမှာ ထပ်မံဖြစ်ပွားခဲ့တာပါ။ 

အောက်တိုဘာ ၆ ရက်နဲ့ ၇ ရက်တွေကလည်း ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆော်ဒီလေဆိပ် ၂ ခုမှာ နောက်ထပ် လူ ၃ ယောက် သေဆုံးခဲ့ပါသေးတယ်။

ဟူသီသူပုန်တွေဟာ ယီမင်စစ်ပွဲမှာ ဆော်ဒီအာရေဗျက အစိုးရတပ်တွေကို ပံ့ပိုးကူညီနေတာကြောင့် တိုက်ခိုက်တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ 

ဟူသီသူပုန်တွေဟာ ပင်လယ်နီကမ်းရိုးတန်းက အရေးပါတဲ့နေရာတွေကို သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ပွဲဟာ ပိုမိုဆိုးရွားလာပါတယ်။ 

ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး၊ အာရပ်နိုင်ငံတွေ ပူးပေါင်းကာ ဟူသီသူပုန်တွေ ယီမင်နိုင်ငံကို သိမ်းပိုက်တာကို တားဆီးဖို့ ကြိုးပမ်းခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ဇူလိုင်လကစပြီး အပစ်အခတ်ရပ်စဲရေးဟာ ပြိုပျက်ခဲ့ပါတယ်။

ဟူသီသူပုန်တွေဟာ ဆော်ဒီအာရေဗျအပေါ် ရေကြောင်းပိတ်ဆို့မှု ကြေညာပြီးနောက်ပိုင်း ဆော်ဒီလေဆိပ်တွေ၊ ရေနံအခြေခံအဆောက်အအုံတွေနဲ့ ရေနံတင်သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း ယီမင်နိုင်ငံရှိ အီရန် နောက်ခံပြု ဟူသီသူပုန်တွေကို တိုက်ခိုက်ဖို့ ဆော်ဒီအာရေဗျနဲ့ ပူးပေါင်းဖို့ သင့်မသင့် စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ ပါဝင်နိုင်ပါတယ်။ အဲဒါကို စောင့်ကြည့်သွားမှာပါ၊” "လတ်တလော တိုက်ခိုက်မှု အကြောင်းကို အခုပဲ သိရပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက် ချသွားမှာပါ။ ကျနော်တို့ အလျင်အမြန် လုပ်ဆောင်သွားမှာပါ" လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ စစ်ပွဲစတင်ပြီးနောက် ဟူသီအဖွဲ့ဟာ ပါလက်စတိုင်းတွေနဲ့ တသားတည်း ဖြစ်ကြောင်းရပ်တည်ခဲ့ပြီး သူတို့ကို ပိတ်ဆို့ထားတာကို တုံ့ပြန်တဲ့အနေနဲ့ ဆော်ဒီသင်္ဘောတွေ ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆော်ဒီအာရေဗျမှာ ကြားဖြတ်ဟန့်တားတဲ့စနစ်တွေ နည်းပါးလာကြောင်း အရာရှိတွေက ပြောကြားပါတယ်။

ဆော်ဒီအာရေဗျမှာ ဒုံးကျည်ကြားဖြတ် ဟန့်တားတဲ့စနစ်တွေ နည်းပါးလာပြီး ပြင်သစ်၊ ဗြိတိန်၊ ပါကစ္စတန်နဲ့ အီဂျစ်နိုင်ငံတို့ကို ဒေသတွင်းသို့ လေကြောင်းကာကွယ်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပေးအပ်ဖို့ တောင်းဆိုထားကြောင်း ဒေသဆိုင်ရာ အရာရှိတွေက ပြီးခဲ့သည့်လက AP သို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ထိပ်တန်း ရေနံတင်ပို့သူ ဆော်ဒီအာရေဗျအပေါ် တိုက်ခိုက်မှုတွေဟာ ဈေးကွက်နဲ့ ဒေသတွင်းကို  ရိုက်ခတ်နိုင်ဖွယ်ရှိနေပါတယ်။ 

Source: AP/BBC/ Aljazeera

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013