DVB Logo
Home
မြန်မာသတင်း
အရပ်သားအုပ်ချုပ်မှုထံ အာဏာလွှဲပြောင်းရေးအပါအဝင် ရည်မှန်းချက် ၇ ရပ် PPST ချမှတ်
DVB
·
September 9, 2021
အရပ်သားအုပ်ချုပ်မှုထံ အာဏာလွှဲပြောင်းရေးအပါအဝင် ရည်မှန်းချက် ၇ ရပ် PPST ချမှတ်
Donate to DVB

တိုင်းပြည်ရဲ့အာဏာကို အရပ်သားကိုယ်စားလှယ်တွေ အုပ်ချုပ်မှုနဲ့ ဒီမိုကရေစီမူဘောင်ထဲကို မြန်မြန်ပြန်လွှဲပြောင်းရေး ဝိုင်းဝန်းအဖြေရှာရေးအပါအဝင် ရည်မှန်းချက် ၇ ချက် ချမှတ်နိုင်ခဲ့တယ်လို့ အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)  စက်တင်ဘာ ၉ ရက် ဒီကနေ့ ကြေညာပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ (NCA-S EAO)ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကို  စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ  ၃ ရက်တာ Video Conferencing နဲ့ ကျင်းပရာမှာ အန်စီအေရဲ့ အနှစ်သာရဖြစ်တဲ့ နိုင်ငံရေး ပြဿနာကို  နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးအတွက် နိုင်ငံရေးရည်မှန်းချက် ၇ ရပ်ကို ချမှတ်လိုက်တာလို့ ဆိုပါတယ်။

ဒီနေ့ အစည်းအဝေးအပြီး PPST) အလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်း ကိုယ်စားအဖွဲ့ဝင် ဗိုလ်မှူးကြီး စိုင်းငင်းက “မိမိတို့ PPST အနေနဲ့ အန်စီအေ အနှစ်သာရဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများအား အကာအကွယ်ပေးရေးတို့ကို အခြေခံလို့ လက်ရှိ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေး ရည်မှန်းချက်များ ၇ ရပ်ကို ချမှတ်နိုင်ခဲ့ပါတယ်” လို့ နိဂုံးချုပ် အမှာစကားပြောသွားပါတယ်။

ရည်မှန်းချက် ၇ ရပ်ထဲမှာ နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင်  ဖမ်းဆီးထားတဲ့ပုဂ္ဂိုလ်အားလုံးကို ခြွင်းချက်မရှိအမြန်ဆုံး လွှတ်ပေးပြီး နိုင်ငံရေးမတူညီမှုတွေကို  ဆွေးနွေးအဖြေရှာဖို့၊ အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ  သက်ဆိုင်သူအားလုံး ပါဝင်ပြီး နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာသွားဖို့ စတာတွေ ပါဝင်ပါတယ်။

ပြီးတော့ တိုင်းပြည် ရေရှည်တည်တံ့ရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးတို့ကို ရှေးရှုပြီး လူထုကို ကာကွယ်ပေးတဲ့ လုံခြုံရေး စနစ်တည်ဆောက်သွားဖို့၊ နိုင်ငံတကာအသိုက်အဝန်းမှာ ပြည်ထောင်စု မြန်မာနိုင်ငံ ဂုဏ်သိက္ခာရှိစွာ  ရပ်တည်နိုင်ရေး တိုင်းပြည် အခြေခံအဆောက်အအုံ Institutions တွေကို ပြုပြင်ပေါင်းလဲမှု ပြုလုပ်သွားဖို့စတာတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးတာနဲ့  ပြည်သူလူထုတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် ဘဝ ပြန်လည်ထူထောင်ရေး၊ ကုစားရေးအစီအစဉ်တွေ ဆောင်ရွက်သွားဖို့ နဲ့ ရေရှည်တည်ငြိမ် ငြိမ်းချမ်း သာယာဝပြောဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆော်သွားဖို့ စတဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်လို့ PPST ရဲ့ရပ်တည်ချက်ကို  ရှင်းလင်းပြောဆိုထားပါတယ်။

ဗိုလ်မှူးကြီး စိုင်းငင်းက “ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ အရေးပေါ်အခြေအနေ ကြေညာခြင်းနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ထူးခြားတဲ့ အခြေအနေမှာ နိုင်ငံရေးတောင်းဆိုချက်အရ NUG ရဲ့ နိုင်ငံရေး ကြိုးပမ်းမှုတရပ်ဖြစ်ကြောင်းကို မိမိတို့ PPST အနေနဲ့ ရှုမြင်ကြောင်း အသိပေး ပြောကြားလိုပါတယ်” လို့ ပြောပါတယ်။

ပြည်သူတွေ ကြုံနေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အထွေထွေ အကျပ်အတည်းများနဲ့ အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်တဲ့ အကူအညီ ထောက်ပံ့မှုများရရှိဖို့ ခက်ခဲနေတဲ့ ပြည်သူလူထုအတွက် PPST အနေနဲ့ များစွာ စိုးရိမ်မကင်း ဖြစ်မိတယ်လို့လည်း မိန့်ခွန်းများ ထည့်သွင်း ပြောကြားထားပါတယ်။

အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ တိုင်ရင်းသား ပြည်သူတရပ်လုံးနဲ့အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို တစိုက်မတ်မတ် ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

အစည်းအဝေးတက်ရောက်တဲ့ PPST အဖွဲ့ဝင် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO  ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကလည်း “ကျနော်တို့က အန်စီအေနဲ့ပတ်သက်ရင် အန်စီအေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်းပေါ့နော် ၊ ပြဋ္ဌာန်းထားတဲ့ စကားလုံးအတိုင်း တသွေမတိမ်း အကောင်အထည်ဖော်ဖို့တော့ကျနော်တို့က ဒါကိုဆုပ်ကိုင်ထားတာ မရှိပါဘူး။ ဒါပေမဲ့  အန်စီအေရဲ့ အနှစ်သာရကိုတော့ ကျနော်တို့ ဆုပ်ကိုင်ထားတယ်။ အန်စီအေရဲ့အနှစ်သာရကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာ အန်စီအေရဲ့ အနစ်သာရ ဖြစ်ပါတယ်။ နောက်တခုက အန်စီအေထဲမှာ  ပြည်သူလူထုကို အကာအကွယ်ပေးရမယ်ဆိုတဲ့ဟာ ပါပါတယ်။ ဒါကြောင့်မို့လို ဒီနေ့ သဘာပတိရဲ့ နိဂုံးချုပ်မိန့်ခွန်းမှာလည်းပဲ  ကျနော်တို့ ဒီပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ် ပေးရမယ်ဆိုတဲ့ဟာကို ကျနော်တို့ တိတိလင်းလင်း ကျနော်တို့ဒါကို ဖော်ပြပြီးတော့မှ သဘာပတိရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားထားတာရှိပါတယ်။ အဲတော့ ဒီကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကိုတော့ ကျနော်တို့ဒီနိုင်ငံရေးနည်းနဲ့ ဖြေရှင်းနည်းကို  ကျနော်တို့ ဒါကို တော့ ဆုပ်ကိုင်သွားမှာဖြစ်ပါတယ်။” လို့  ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ထောက်ပံ့မှု ပေးနိုင်ရေးအတွက် ကြိုးပမ်းမှုကို လှိုက်လှဲစွာ ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွယ်းမယ်လို့ လည်း  ခွန်မြင့်ထွန်းက ပြောပါတယ်။

PPST အဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013