အီရန်ပဋိပက္ခနဲ့ ပတ်သက်ပြီး အဆုံးသတ်ဖို့ သူက အလျင်လိုမှာ မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်ဟာ အီရန်ဆီကနေ မှန်ကန်တဲ့အဖြေအတွက် ရက်အနည်းငယ် ပိုစောင့်ဆိုင်းဖို့လည်း ဆန္ဒရှိနေပါတယ်။
ထရမ့်ပ်က “အီရန်နဲ့ ကျနော်တို့ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ကျနော်တို့ ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါ။ ကျနော်တို့ တခြားသဘောတူညီချက်ရဖို့ ဒါမှမဟုတ် ကျနော်တို့ တခြား ဆိုးရွားတာတခု ပြုလုပ်ရမှာပါ။ ဒါပေမဲ့ အဲဒီလို ဆိုးရွားတာတွေလုပ်ဖို့ မမျှော်လင့်ပါဘူး” လို့ ပြောပါတယ်။
အီရန်နဲ့ နောက်ဆုံး ငြိမ်းချမ်းရေးသဘောတူညီမှုရဖို့ သူက အလျင်မလိုဘူးလို့ ထရမ့်ပ်က ပြောထားပြီး ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးကို အာရုံစိုက်ထားတာ တခုတည်းကိုပဲ ထည့်သွင်းစဉ်းစားတာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
အီရန်အရေးနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ သဘောထားတူတယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။
“နေတန်ယာဟုက ကျနော်လုပ်ချင်တာတွေကို လုပ်ဆောင်ပေးမှာပါ” လို့လည်း ထရမ့်ပ်က ပြောထားပါတယ်။
သူတို့ ၂ ယောက်ဟာ အင်္ဂါနေ့က ဖုန်းပြောခဲ့ကြပြီး အီရန်နဲ့ သဘောတူညီမှုရဖို့ အကြောင်းအရာအသစ်တွေကို ဆွေးနွေးခဲ့တယ်လို့ Axios က ဖော်ပြပါတယ်။
အဲဒီဖော်ပြချက်မှာ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ရက် ၃၀ ကြာ ဆွေးနွေးမှု စတင်ရေးနဲ့ အီရန်၊ အမေရိကန်တို့က စာချုပ်လက်မှတ်ထိုးရေးတို့ အပါအဝင် ဟော်မုဇ်ရေလက်ကြားဖွင့်ရေးတို့ သဘောတူညီချက် မူကြမ်းမှာ ပါတယ်လို့ ထရမ့်ပ်က နေတန်ယာဟုကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နေတန်ယာဟုက ဆွေးနွေးညှိနှိုင်းမှုကို အယုံအကြည် လုံးဝမရှိဘဲ အားနည်းနေတဲ့ အီရန်ကို စစ်ပွဲ ဆက်ပြီးဆင်နွှဲဖို့နဲ့ အဓိကအဆောက်အအုံတွေကို ဖျက်ဆီးဖို့ ဆန္ဒရှိတယ်လို့ Axios က ဖော်ပြပါတယ်။
အီရန်ကာကွယ်ရေးဦးစီးချုပ်က အီရန်ကာကွယ်ရေးတပ်တွေကို အမြင့်ဆုံး သတိပေးချက်တွေ ပြုလုပ်ထားပြီး ဘယ်လိုအခြေအနေကိုဖြစ်ဖြစ် အသင့်ဖြစ်နေဖို့နဲ့ စစ်ဆင်ရေးတွေ ဆက်လုပ်မယ်လို့လည်း မေ ၂၀ ရက်က ပြောထားပါတယ်။
ဒီအချိန်မှာ တဲလ်အဗစ်မြို့အနီးရှိ ဘန်ဂူရီအွန် နိုင်ငံတကာလေဆိပ်မှာ အမေရိကန်လေယာဉ်တွေ ဆီဖြည့်နေတယ်လို့ ရိုက်တာက ဖော်ပြပြီး အဲဒီနေရာမှာ အမေရိကန်တပ်တွေ ဘယ်အချိန်ထိ တပ်စွဲထားမလဲဆိုတာ မသိကြောင်းလည်း ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နဲ့ စစ်ပွဲ ဆက်ပြီးဆင်နွှဲဖို့ ပူးပေါင်းပြင်ဆင်မှုတွေ ပြုလုပ်ပြီးပြီလို့လည်း အစ္စရေးအခြေစိုက် ကန်တီဗွီက ဖော်ပြပါတယ်။
အီရန်ကိုတိုက်မဲ့ အစီအစဉ်ကို ကာတာ၊ ဆော်ဒီနဲ့ ယူအေအီး နိုင်ငံတို့ရဲ့ မေတ္တာရပ်ခံချက်ကြောင့် ရွှေ့ဆိုင်းလိုက်တယ်လို့ ထရမ့်ပ်က မေ ၁၉ ရက်မှာ ပြောထားပါတယ်။
Source: Reuters











