
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စက်တင်ဘာ ၇ ရက် ညနေပိုင်းက အမှတ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ အကြမ်းဖက်စစ်ကောင်စီ သတင်းပေးတစ်ယောက် နေအိမ်မှာ သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခံခဲ့ရတဲ့အတွက် သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို သတင်းပေးပြီးဒလန်တစ်ဦးဖြစ် နာမည်ကြီးနေတဲ့ တကောင်ငကျွဲ(ခ) ကျော်ဇင်ဝင်းဟာ သူ့ရဲ့ နေအိမ်မှာရှိနေစဉ် သေနတ်သမားတွေရောက်ရှိလာပြီး သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တဲ့အတွက် တောင်ကလေးစစ်ဆေးရုံကို ပို့ဆောင်စဉ်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက“သူက လူမှုကွန်ရက်မှာ ဆယ်လီတစ်ယောက်။ စကစကို သတင်းတွေပေးနေတဲ့ ဒလန်လေ။ သူကြောင့် ဆန္ဒပြလူငယ်တွေအများကြီး အဖမ်းခံရတယ်။ အန်ယူဂျီပရိုဖိုင်ချိန်းတဲ့ သူတွေကိုပါ သတင်းလိုက်ပေးလို့ အဖမ်းခံရသူတွေ ရှိတယ်။”လို့ ဆိုပါတယ်။
ဘားအံမြို့မှာ တရားမဝင်စီးပွားရေးလုပ်ကိုင်နေသူတွေဟာ စစ်ကောင်စီတပ်နဲ့ ရဲတွေကို အဓိက သတင်းပေးပြုလုပ်နေသူတွေဖြစ်လို့ အထူးသတိပြုနေထိုင်ကြဖို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် အကြမ်းဖက် စစ်ကော်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စီစီတီဗွီကနေတဆင့် သေနတ်နဲ့ပစ်သွားသူကို ခြေရာခံစုံစမ်းနေတယ်လို့ အနီးဝန်းကျင်မှာနေထိုင်သူ တွေက ပြောပါတယ်။
သေဆုံးသူဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို တသီးပုဂ္ဂလကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။