DVB Logo
Home
မြန်မာသတင်း
ဒလန်ဟု စွပ်စွဲ ဥပဒေမဲ့သတ်ဖြတ်မှုများ ချက်ချင်းရပ်ရန် ဥပဒေအထောက်အကူပြုကွန်ရက် အကြံပြု
DVB
·
April 20, 2025
ဒလန်ဟု စွပ်စွဲ ဥပဒေမဲ့သတ်ဖြတ်မှုများ ချက်ချင်းရပ်ရန် ဥပဒေအထောက်အကူပြုကွန်ရက် အကြံပြု
Donate to DVB

တော်လှန်ရေးအင်အားစုတွေအနေနဲ့ သူလျှိုဒလန်လို့ စွပ်စွဲပြီး ဥပဒေမဲ့ သတ်ဖြတ်နေတာကို ချက်ချင်းရပ်တန့်ဖို့၊ ကောင်းမွန်တဲ့ တရားစီရင်ရေးမရှိဘဲ သေဒဏ်ပြစ်ဒဏ်စီရင်တာကို ဆိုင်းငံ့ထားဖို့ မိုင်ဂျာယန်အခြေစိုက် ဥပဒေအထောက်အကူပြုကွန်ရက်က အကြံပြု တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် လူထုတရပ်လုံးဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ မတရားဖိနှိပ်၊ အကြမ်းဖက်ဖမ်းဆီး၊ သတ်ဖြတ်ခံရတာကြောင့် နောက်ဆုံးမှာ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ရေးလမ်းကြောင်းကို မလွဲမရှောင်သာ ဦးတည် လျှောက်လှမ်းခဲ့ကြရသလို အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေဟာ သူတို့ရဲ့ဘဝနဲ့ အသက်ကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေကြရတာကို တန်ဖိုးထား အသိအမှတ်ပြုရမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီး၊ ဖိနှိပ်သတ်ဖြတ်တာကို ဆန့်ကျင်တွန်းလှန်ရင်း တော်လှန်ရေးအင်အားစုတွေကိုယ်တိုင် ဥပဒေမဲ့သတ်ဖြတ်တာတွေ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာ၊ လုပ်နေတာတွေရှိပြီး အဆိုးဆုံးကတော့ ရန်သူ့သူလျှို ဒလန်လို့ စွပ်စွဲသတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

သူလျှိုဒလန်တွေကြောင့် ဆန့်ကျင်ဘက် နှစ်ဘက်လုံးမှာ ကြီးကြီးမားမား ထိခိုက်နစ်နာရတယ်လို့ ခံယူပြီး ရွံရှာမုန်းတီးကြတာကနေ လိုက်လံရှင်းလင်းသုတ်သင်ကြတာကြောင့် ဥပဒေ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်နဲ့အညီ စုံစမ်းစစ်ဆေးအပြစ်ပေး အရေးယူတာ မဟုတ်ဘဲ သံသယနဲ့ အပြန်အလှန်သတ်ဖြတ်တဲ့ ဆိုးရွားတဲ့အခြေအနေကို ဦးတည်သွားပြီး လူ့အဖွဲ့အစည်း တခုလုံးကလည်း သူလျှိုဒလန်ဆိုရင် ဥပဒေမဲ့လွယ်လင့်တကူ သတ်ဖြတ်လို့ရတယ်ဆိုတဲ့ အလေ့အထအမှားကို လက်ခံမှန်းမသိ လက်ခံလာကြတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်၊ မြဝတီ ဝေါလေမှာ စောနယ်ဒါးမြ ဦးဆောင်တဲ့ KNDO တပ်ဖွဲ့က လူ ၂၅ ယောက်ကို သူလျှိုလို့ စွပ်စွဲဖမ်းဆီးသတ်ဖြတ်ခဲ့တာ၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ယောကာကွယ်ရေးတပ်ဖွဲ့က အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၅ ယောက်ကို သူလျှိုလို့ စွပ်စွဲဖမ်းဆီး သတ်ဖြတ်ခဲ့တာ၊ လောင်းလုံးအခြေစိုက် တော်လှန်ရေးအဖွဲ့တခုက သီလရှင်တပါး အပါအဝင် လူအယောက် ၂၀ လောက်ကို စစ်တပ်သတင်းပေးလို့ စွပ်စွဲသတ်ဖြတ်ခဲ့တာ စတဲ့ အကြောင်းတွေကို ဥပမာပေး ဖော်ပြထားပါတယ်။

စောနယ်ဒါးမြနဲ့  KNDO အဖွဲ့ဘက်ကတော့ အသတ်ခံရတဲ့သူ  ၂၅  ယောက်ဟာ  လမ်းလုပ်သား ယောင်ဆောင်ထားတဲ့  စစ်သားနဲ့  စစ်သတင်းပေးတွေ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဒလန်ရှင်းလင်းခဲ့တဲ့   တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း   အသတ်ခံရတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီ သတင်းပေးတွေနဲ့  ဒလန်တွေဟာ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်တွေ ဖြစ်ပြီး၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီ အလိုကျ သတင်းပေးတာ၊ ပြည်သူတွေကို စစ်မှုထမ်းဖို့ အဓမ္မခေါ်ယူတာတွေ လုပ်ဆောင်နေတာကြောင့် ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။

မုံရွာခရိုင် တပ်ရင်းတခုရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်ကတော့ “ကျနော် မြင်တာကတော့ ဒီစာကို ဒီလိုထုတ်ရုံလောက်နဲ့တော့ ပြီးသွားမှာလည်း မဟုတ်ဘူး၊ ထိရောက်မှာလည်း မဟုတ်ဘူး။ အရင်တုန်းက သတ်ခဲ့တဲ့သူတွေကလည်း အများကြီးရှိတယ်။ စစ်ကိုင်းတိုင်းတတိုင်းလုံးကိုက ပြောမနေနဲ့တော့ဗျာ။ မုံရွာနယ်မှာကိုက အတော်များတယ်။ မှားယွင်းသတ်ခဲ့တဲ့အပေါ်မှာ ဘယ်လို ပြန်လုပ်ပေးနိုင်မလဲ၊ ဘယ်လို တရားစီရင်ပေးနိုင်မလဲဆိုတာ ရှိသေးတယ်။ အဲဒီတုန်းက ဒလန် သတ်တဲ့ ယူဂျီလိုလို၊ လိုကယ်လိုလိုတွေကလည်း အခု တော်လှန်ရေးက နားလိုက်သလိုလို ဖြစ်ကုန်ပြီ။ သူတို့ကိုယ်တိုင်လည်း မှားသတ်တာတွေ ရှိတယ်ဆိုတာ သိမှာရယ်။ အရင်က ဖြစ်စဉ်တွေကိုတောင် အရေးယူမှုအပိုင်းမှာ တော်တော်လေးစဉ်းစားရမယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်နောက်ပိုင်းမှာတော့ တပ်ရင်းတွေက နယ်မြေစိုးမိုးမှုရှိလာတာ၊ ပ သုံးလုံး တရားရေးယန္တရား ပေါ်လာတာကြောင့် သတ်ချင်သလို သတ်တာမျိုးတွေ သူတို့ဘက်မှာ မရှိတော့ဘဲ အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေကို ရှင်းလင်းတာမျိုးကို တခါတလေ အွန်လိုင်းပေါ်က သတင်းတွေကတဆင့် သိရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြည်တွင်းဥပဒေအရပဲဖြစ်ဖြစ်၊ နိုင်ငံတကာဥပဒေအရပဲဖြစ်ဖြစ် သူလျှိုကို ဥပဒေမဲ့သတ်ဖြတ်ဖို့ လုံးဝခွင့်မပြုထားဘဲ သက်ဆိုင်ရာနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့ပဲ တရားစွဲဆိုရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကလည်း သတင်းပေးဒလန်တွေ ဒါမှမဟုတ် စစ်တပ်ထောက်ခံတဲ့ ပြည်သူ့စစ်အဖွဲ့တွေလို့ ထင်မြင်ယူဆသူတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေရှိနေပြီး သီးခြားအတည်ပြုဖို့ခက်ခဲတဲ့ သတင်းရင်းမြစ်အရ ဒေသန္တရအုပ်ချုပ်ရေးမှူး အနည်းဆုံး ၁၂၇ ယောက် သတ်ဖြတ်ခံရတယ်လို့  ၂၀၂၃ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ သူလျှို ဒလန်လို့ စွပ်စွဲပြီး ဥပဒေမဲ့သတ်ဖြတ်နေတာကို ချက်ချင်းရပ်တန့်ဖို့၊ သူလျှိုလို့ သံသယရှိသူဘယ်သူ့ကိုမဆို တည်ဆဲပြည်တွင်းဥပဒေတွေနဲ့ နိုင်ငံတကာဥပဒေတွေအရ စုံစမ်းစစ်ဆေးရုံးတင်တရားစွဲဆိုပြီးနောက် ပြစ်မှုထင်ရှားမှ ဥပဒေနဲ့အညီ ထိုက်သင့်တဲ့ပြစ်ဒဏ် ချမှတ်အရေးယူဖို့၊ မျှတတဲ့ စစ်ဆေးစီရင်မှုကို စနစ်တကျချမှတ်ဖော်ဆောင် ကျင့်သုံးနိုင်တဲ့ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်ပြီး လိုအပ်တဲ့အရင်းအမြစ်တွေ ဖြည့်ဆည်းခံထားရတဲ့ တရားစီရင်ရေးမရှိဘဲ သေဒဏ်ပြစ်ဒဏ်စီရင်တာကို ဆိုင်းငံ့ထားဖို့ ဥပဒေအထောက်အကူပြုကွန်ရက်က တောင်းဆိုထားပါတယ်။

သူလျှိုလို့ မှားယွင်းစွပ်စွဲပြီး ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရတဲ့ နစ်နာသူတွေရဲ့ ထိခိုက်သွားတဲ့ ဂုဏ်သိက္ခာနဲ့ တခြားနစ်နာတာတွေကို အတတ်နိုင်ဆုံးကုစားဖို့အတွက် အမြင့်ဆုံး တာဝန်ရှိသူတွေက လူသိရှင်ကြားဝန်ချတောင်းပန်တာ၊ လုံလောက်တဲ့နစ်နာကြေးငွေ ပေးလျော်တာတို့ကို အနိမ့်ဆုံး တာဝန်ယူဖော်ဆောင်ပေးသွားဖို့လည်း အကြံပြုထားပါတယ်။

တော်လှန်ရေးတပ်တွေကို စစ်ဥပဒေ၊ စစ်စည်းကမ်း၊ စစ်သည်တော်ကျင့်ဝတ်တွေနဲ့ စနစ်တကျ ကွပ်ကဲထိန်းကျောင်းရမှာဖြစ်ပြီး သူတို့လက်ချက်ကြောင့် နစ်နာသူတွေအတွက် တိုင်တန်း အရေးယူခွင့်ရစေမယ့် လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်ပြီး၊ လိုအပ်တဲ့ အရင်းအမြစ်တွေ ဖြည့်ဆည်းခံရတဲ့ တရားစီရင်ရေးယန္တရားတခု အားကောင်းကောင်းနဲ့ ရှိဖို့လိုတယ်လို့ ထောက်ပြထားပါတယ်။

နောက်ဆုံး အယူခံဝင်ရာ တရားလွှတ်တော်ချုပ်အဆင့်အထိ ကောင်းကောင်းမွန်မွန် တည်ရှိလည်ပတ်နေဖို့ လိုသလို တော်လှန်ရေးတပ်ရဲ့ အမိန့်နာခံမှုအောက်မှာ မဟုတ်တဲ့ လွတ်လပ်တဲ့ ရဲတပ်ဖွဲ့လည်း ယှဉ်တွဲတည်ရှိဖို့လိုတယ်လို့ ဆိုပါတယ်။

ပြစ်မှု ကျူးလွန်ခံရသူတွေကိုယ်စား သူတို့မနစ်နာစေရေးအတွက် တရားလိုဘက်က လိုက်ဖို့ ရှေ့နေချုပ်နဲ့ အစိုးရရှေ့နေတွေ၊  သံသယနဲ့ဖမ်းဆီးခံရသူတိုင်းအတွက် အမှုလိုက်ပါဆောင်ရွက် ခုခံကာကွယ်နိုင်တဲ့ အထက်တန်းရှေ့နေနဲ့ တရားလွှတ်တော်ရှေ့နေတွေ၊  လွတ်လပ်တဲ့ တရားစီရင်ရေးကို မထိပါးစေဘဲ တရားရုံးစနစ်တကျ လည်ပတ်နိုင်ရေး၊ တရားရုံးရဲ့ အရည်အသွေး တိုးတက်လာစေရေးနဲ့ မှုခင်းကို မျှမျှတတရင်ဆိုင်နိုင်ရေးအတွက် တရားမျှတမှုကို ရှာဖွေပံ့ပိုးပေးတဲ့ တရားရေးဝန်ကြီးဌာနတို့လည်း ကောင်းကောင်းမွန်မွန်လည်ပတ်နိုင်ရမယ်လို့ ဆိုပါတယ်။

အလားတူ စစ်ကောင်စီဘက်ကလည်း အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်တာ၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ ဥပဒေမဲ့  ညှဉ်းပန်းနှိပ်စက် အစဖျောက် သတ်ဖြတ်တာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013