DVB Logo
Home
နိုင်ငံတကာ
NATO စစ်ဌာနချုပ်က အလုပ်သင် ကနေဒါအမျိုးသမီး သူလျှိုမှုဖြင့် ဖမ်းခံရ 
DVB
·
July 26, 2026
Photo: REUTERS/Pascal Rossignol
Photo: REUTERS/Pascal Rossignol
Donate to DVB

ဘယ်လ်ဂျီယမ်နိုင်ငံ၊ မုန်းစ်မြို့မှာရှိတဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ရဲ့ စစ်ရေးဆိုင်ရာ ဗဟိုဌာနချုပ်ဖြစ်တဲ့ ဥရောပ မဟာမိတ်တပ်ပေါင်းစု ဗျူဟာမြောက်ဌာနချုပ် (SHAPE) မှာ အလုပ်သင်ဆင်းနေတဲ့ တရုတ်နွယ်ဖွား ကနေဒါနိုင်ငံသူ တယောက်ကို သူလျှိုမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

အဆိုပါအမျိုးသမီးဟာ တတိယနိုင်ငံတခုအတွက် သူလျှိုလုပ်ပေးမှု၊ ရာဇဝတ်အဖွဲ့အစည်း ဝင်ရောက်မှုတို့နဲ့ သံသယရှိခံရလို့ ဇူလိုင် ၂၄ ရက်မှာ ဖမ်းဝရမ်းထုတ် ထိန်းသိမ်းလိုက်တာလို့ ဇူလိုင် ၂၅ ရက်က ဘယ်လ်ဂျီယမ် အစိုးရရှေ့နေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အဲဒီစုံစမ်းစစ်ဆေးမှုကို မုန်းစ်မြို့တရားရုံး စုံစမ်းစစ်ဆေးရေးတရားသူကြီးရဲ့ ကြီးကြပ်မှုနဲ့ ရှာလဝါ ဖက်ဒရယ် တရားစီရင်ရေးရဲတပ်ဖွဲ့ (FJP) က ဆောင်ရွက်နေတာပါ။

အလုပ်သင်ဝန်ထမ်းရဲ့ သံသယဖြစ်ဖွယ် လုပ်ရပ်တွေကို SHAPE လုံခြုံရေးဌာနက စတင်သတိထားမိပြီး အထွေထွေထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာန (SGRS) ကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ 

သူလျှိုမှုဟာ ဖက်ဒရယ်အစိုးရရှေ့နေရုံး စီရင်ပိုင်ခွင့်ထဲ ပါတာမို့ အမှုကို ချက်ချင်းလွှဲယူကာ ရှာလဝါ ရဲတပ်ဖွဲ့ FJP ကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးခဲ့ပြီး မုန်းစ်မြို့ တရားသူကြီးဆီကို တင်ပြခဲ့ပါတယ်။ 

စုံစမ်းစစ်ဆေးမှု အများအပြား ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်မှာ ရှာလဝါ ရဲတပ်ဖွဲ့ဟာ  ကွန်ပျူတာရာဇဝတ်မှုဌာန (CCU) အပါအဝင် မုန်းစ်နဲ့ ရှာလဝါ ရဲတပ်ဖွဲ့မှ မှုခင်းနှင့်သိပ္ပံနည်းကျ ရဲတပ်ဖွဲ့တို့ရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ သံသယရှိသူရဲ့ နေအိမ်နဲ့ အလုပ်ခွင် (SHAPE) တို့ကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ 

စုံစမ်းစစ်ဆေးမှုတွေအပြီး ဇူလိုင် ၂၄ ရက်မှာတော့ တရားသူကြီးက အလုပ်သင် အမျိုးသမီးကို သူလျှိုမှု၊ ရာဇဝတ်ဂိုဏ်းဝင်မှုတို့နဲ့ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သံသယရှိသူရဲ့ အမည်နဲ့ အသေးစိတ် အချက်အလက်တွေကို အစိုးရရှေ့နေရုံးက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013