
ရုရှား-ဩစတြေးလျ ၂ နိုင်ငံသား ခံယူထားသူ အမျိုးသားတယောက်ဟာ ရုရှားထောက်လှမ်းရေးနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယူဆရသူတွေဆီကို ယူကရိန်းစစ်တပ်အကြောင်း သတင်းအချက်အလက်တွေ ပေးဖို့ ကြိုးပမ်းမှုအတွက် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုနဲ့ သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုလိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ် အမျိုးသားဟာ အဲဒီလူဟာ ၂၀၂၅ မေလမှာ ယူကရိန်းတပ်မတော်ထဲ ဝင်ရောက်ခဲ့ပြီး စစ်သားတွေရဲ့ အချက်အလက်၊ စခန်းချထားတဲ့ နေရာတွေနဲ့ စစ်ဆင်ရေးဆိုင်ရာ သတင်းတွေကို ရယူကာ ရုရှားထောက်လှမ်းရေးတွေဆီ ပေးပို့ဖို့ ကြိုးစားခဲ့တယ်လို့ အာဏာပိုင်တွေ က စွပ်စွဲထားပါတယ်။ အဲဒီပြစ်မှုဟာ ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်ပါတယ်။
သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ကော်မရှင်နာ ကရစ်စီ ဘားရတ်က ပြောကြားရာမှာ အဲဒီအမျိုးသားဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ရုရှားကိုသွားပြီး စစ်သင်တန်းတက်ခဲ့ပြီးတော့ ဒီဇင်ဘာမှာ ဩစတြေးလျကို ပြန်ရောက်လာချိန်မှာလည်း ရုရှားထောက်လှမ်းရေးလို့ ယူဆရသူတွေ နဲ့ ဆက်သွယ်မှုလုပ်နေခဲ့တယ်လို့ သိရပါတယ်။
အဲဒီလုပ်ရပ်ဟာ ယူကရိန်းစစ်တပ်ရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။ ပြစ်မှုတချို့ဟာ ဩစတြေးလျမှာရော ပြည်ပမှာပါ ဖြစ်ပွားခဲ့တာပေမဲ့ ဩစတြေးလျနိုင်ငံ အတွက်တော့ တိုက်ရိုက်ခြိမ်းခြောက်မှု မရှိပါဘူးလို့ ရဲမှူးကြီး ကရစ်စီ ဘားရတ် က ပြောပါတယ်။
ဩစတြေးလျ လုံခြုံရေးထောက်လှမ်းရေးအဖွဲ့ (ASIO) နဲ့ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) ပူးပေါင်းအဖွဲ့က ဒီအမှုကို ဖော်ထုတ်ခဲ့တာဖြစ်ပြီး ပြည်ပစွက်ဖက်ထောက်လှမ်းမှုနဲ့ တရားစွဲဆို ထားပါတယ်။ သူ့ကို ဩဂုတ် ၂၁ ရက် နှောင်းပိုင်းမှာ ဘရစ္စဘိန်းမြို့ မြောက်ပိုင်းရှိ တရားရုံးမှာ ရုံးထုတ်မှာဖြစ်ပါတယ်။
လက်ရှိမှာ နေရာတော်တော်များများကို ဝင်ရောက်ရှာဖွေထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတာမို့ နောက်ထပ် ဖမ်းဆီးရမိသူတွေ ထပ်ရှိလာနိုင်သေးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Source:Reuters











