ဥရောပတလွှားမှာ နွေရာသီ မကြုံစဘူး အပူလှိုင်းဒဏ်နဲ့ ဆက်စပ်သေဆုံးသူ အရေအတွက်ဟာ ၁,၃၀၀ ဝန်းကျင် ရှိလာပြီး ဂျာမနီ၊ ပိုလန်၊ သြစတြီးယားနဲ့ ချက် အပါအဝင် နိုင်ငံအများအပြားမှာ ဇွန် ၂၈ ရက်က အပူချိန် စံချိန်သစ်တွေ တင်ခဲ့ပါတယ်။
ဇွန် ၂၀ ရက်ကစလို့ အခုလို လူသေဆုံးမှုတွေ များလာတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရို့စ် အက်ဒါနွန် ဂေဘရီယေးဆပ်စ်က ဆိုပါတယ်။
“ဥရောပဟာ ကမ္ဘာ့ပျမ်းမျှထက် နှစ်ဆပိုပူလာပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံးပူနွေးလာတဲ့ တိုက်ကြီး ဖြစ်ပါတယ်” လို့ WHO အကြီးအကဲက သတိပေးပါတယ်။
ဇွန် ၂၈ ရက်က ဂျာမနီနိုင်ငံ အရှေ့ပိုင်းမှာ အပူချိန်ဟာ ၄၁ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့သလို ချက်နဲ့ ပိုလန်နိုင်ငံတို့မှာလည်း သမိုင်းတလျှောက် အပူဆုံးစံချိန်တွေ အသီးသီးတင်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာတင် ခန့်မှန်းထားတာထက် သေဆုံးသူ ၁,၀၀၀ ဝန်းကျင် ပိုများခဲ့ပြီး ဒီအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အခုလို အပူချိန်ပြင်းထန်လွန်းတဲ့အတွက် ဥရောပက မြစ်ရေတွေ ခန်းခြောက်လာပြီး ဟန်ဂေရီနိုင်ငံက နျူကလီးယားစက်ရုံမှာ လျှပ်စစ်ထုတ်လုပ်မှု လျှော့ချခဲ့ရသလို သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
ဒါ့အပြင် အပူဒဏ်ကြောင့် ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးသူ ဒါဇင်နဲ့ချီရှိနေပြီး အီတလီအစိုးရအဖွဲ့ ဝန်ကြီးတယောက်ရဲ့ ခင်ပွန်းဖြစ်သူဟာ ဇွန် ၂၇ ရက်က ရေကူးရင်း ပျောက်ဆုံးနေပါတယ်။
လေထုဖိအားကြောင့် လေပူတွေ အောက်ကိုဖိဆင်းလာပြီး အပူခုံးကြီးတခုလို ဖုံးအုပ်ထားတဲ့ (Heat dome) သက်ရောက်မှုကြောင့် အခုလို အပူချိန်တွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
မျိုးဆက်တဆက်မှာ တကြိမ်သာ ကြုံရလေ့ရှိတဲ့ ဒီလိုအပူလှိုင်းမျိုးဟာ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် အခုဆိုရင် နှစ်စဉ်နီးပါး ဖြစ်ပေါ်နေပြီလို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။










