DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်မှ ကျောင်းသား၊ လူငယ်နှင့် PDFများက NUGနှင့်အတူ စစ်အာဏာရှင်ကို တော်လှန်မည်ဟု ကြေညာ
DVB
·
September 7, 2021
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG )က ဒီကနေ့ စစ်ကြေညာပြီးနောက်  ရှမ်းပြည်နယ်ရှိ ကျောင်းသားများသမဂ္ဂ၊ လူငယ်အဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ခုခံတော်လှန်သွားမယ့်အကြောင်း လူမှုကွန်ရက်မှာ အသီးသီးထုတ်ပြန် ကြေညာခဲ့ကြပါတယ်။

တောင်ကြီး၊ လားရှိုး၊ လင်းခေးနဲ့ ပင်လုံမြို့က တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပြူ တာတက္ကသိုလ်၊ သူနာပြုသင်တန်း၊ သားဖွားသင်တန်း၊ အခြေခံပညာကျောင်း၊ ဒီဂရီကောလိပ်စတဲ့ ကျောင်းက သမဂ္ဂပေါင်း( ၁၇ ) ဖွဲ့ပါ ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်တာပါ။ 

ကြေညာချက်မှာတော့ “ကယ်တင်ရှင်ဘယ်သောခါမှ မရှိဆိုတဲ့ မူဝါဒစွဲကိုင်ပြီး ကုလသမဂ္ဂ၊ အာဆီယံ တို့ကိုလည်း မမျှော်လင့်။ ကိုယ့်တိုင်းပြည် ကိုယ့်ကြမ္မာလွတ်မြောက်ရေးအတွက် မိမိကိုယ်တိုင် လွတ်မြောက်အောင်ရုန်းရမယ်၊  ဖက်ဆစ်စစ်တပ်အပြတ်ချေမှုန်းရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ် ပြိုကျရေးအတွက် ရရာနည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်နေပြီး အခုအခါမှာ ပြည်သူ့ တော်လှန်ရေးနေ့ရောက်လာပြီဖြစ်လို့ ဒီလက်နက်ကိုင်တော်လှန်ရေးမှာ သူတို့အနေနဲ့ကျရာအခန်းကဏ္ဍကနေ အားပြည့်အင်ပြည့် ပါဝင်သွားမယ်”လို့ ဖော်ပြထားပါတယ်။

အလားတူ တောင်ကြီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း “ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ သွေးကြွေးမှာဆွေးနွေးစရာမရှိ၊ လက်နက်ကိုင်တော်လှန်ရေးပြည်သူ အားလုံးဆင်နွှဲကြ၊ ဖက်ဆစ်အာဏာရှင်စနစ်ဆိုးသည်ကျွန်ုပ်တို့မျိုးဆက်တွင်သာနောက်ဆုံးဖြစ်ရမည်” ဆိုတဲ့  ကြွေးကြော်သံနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြေညာပါတယ်။ 

ဒါ့အပြင် လားရှိုး ‘ဝ’ လူငယ် ကွန်ရက်အဖွဲ့ Lashio Wa Youth Network ကလည်း ကနေ့စက်တင်ဘာ ၇ ရက်နေ့မှာ NUG က နိုင်ငံတဝန်း အရေးပေါ်အခြေအနေကြေညာတာကို  လူမှုအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။  

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF ) ကလည်း သူတို့အနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ စစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြည်ထောင်စုနဲ့ ပြည်ထောင်စုသားတွေကို စစ်အကြမ်းဖက်အုပ်စုရဲ့ဖိနှိပ်မှုမှန်သမျှ ကာကွယ်စောင့်ရှောက်သွား မယ်လို့ အဓိဋ္ဌာန်ပြုကြောင်း၊ စစ်အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်ကြတဲ့ မည်သည့် ညီနောင်တော်လှန်ရေးအဖွဲ့နဲ့ မဆို ပူးပေါင်းဖို့ အသင့်ရှိကြောင်း၊ ပြည်သူလူထုတွေအနေနဲ့ လည်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့နဲ့ရဲဘော်ရဲဘက်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်ပေးဖို့  တောင်းဆိုထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်သူ့လုံခြုံရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ PSDAကလည်း ဒီကနေ့ NUG အစိုးရရဲ့အရေးပေါ်အခြေအနေကြေညာချက်ကို ကြိုဆိုကြောင်း၊ PSDA အနေနဲ့ တခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲပြီး အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်အမြစ်ဖြတ်ချေမှုန်းသွားမယ့်အကြောင်း၊ ပြည်သူတွေအနေနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်တိုက်ပွဲဝင်ပေးဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013