DVB Logo
Home
မြန်မာသတင်း
NUG အစိုးရက စစ်ကြေညာပြီးနောက် ရန်ကုန်နှင့် မုံရွာတွင် ဈေးဝယ်သူများ တိုးကြိတ်ဝယ်ယူနေ
DVB
·
September 7, 2021
NUG အစိုးရက စစ်ကြေညာပြီးနောက် ရန်ကုန်နှင့် မုံရွာတွင် ဈေးဝယ်သူများ တိုးကြိတ်ဝယ်ယူနေ
1 / 8
Donate to DVB

နိုင်ငံတဝန်း ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ အရေးပေါ်အခြေအနေ  NUG ကကြေညာပြီး မကြာခင်မှာဘဲ ရန်ကုန်မြို့က City Mart စူပါမတ်ကတ်တွေ၊  ဈေးတွေ၊ ဆန်ဆိုင်တွေနဲ့ ဆေးပစ္စည်း အရောင်းဆိုင်တွေမှာ ဈေးဝယ်သူအများအပြားတိုးကြိတ်ဝယ်ယူနေကြတာတွေ့ရပါတယ်။

အခုလိုမျိုး ဆန်၊ ဆီ၊ ဆား၊ အခြောက်အခြမ်းနဲ့ အခြေခံစားသောက်ကုန်တွေကို  တတ်နိုင်တဲ့သူတွေက ကြိုတင်ဝယ်ယူ စုဆောင်းနေတာဟာ အခြေခံလူတန်းစားတွေအတွက် ပိုပြီး အခက်အခဲဖြစ်စေတယ်၊ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့သူတွေက ဘာမှ မဝယ်နိုင်တဲ့အပြင် ကုန်းဈေးနှုန်းကြီးမြင့်တဲ့ဒဏ် ပိုခံနေရတယ်”လို့ ရန်ကုန်မြို့နေ  ပြည်သူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

ဒီနေ့မနက်ပိုင်း စားသောက်ကုန်ဝယ်ယူသူတွေ အများအပြားရှိပြီး တချို့နေရာတွေမှာ ယာဥ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့ပေမဲ့  မွန်းလွဲပိုင်းမှာ  ပုံမှန်အတိုင်းပဲ လှုပ်ရှားသွားလာနေကြပါတယ်။

စမ်းချောင်းမြို့နေသူတဦးက “ကျနော် အခုမနက် ၁၂ လောက် စမ်းချောင်းလမ်းဘက်နဲ့ ဗားဂရာဘက်ရောက်တော့ လူတွေ ရိက္ခာခြောက်တွေ ဝယ်နေကြတယ်။ မနက်အစောပိုင်းကတော့ ပိုများလိမ့်မယ် ဝယ်နေကြတာ။” လို့ ပြောပါတယ်။

စျေးတွေမှာ လူတွေပြုံတိုးပြီး ဝယ်ယူမှုတွေရှိလာတာကြောင့် လိုအပ်တာထက် ပိုမိုမဝယ်ယူကြဖို့ ပြောဆိုနေကြပေမယ့် လက်တွေ့မှာတော့ လိုက်နာမှုမရှိတာတွေ့ရပါတယ်။

ကုန်စျေးနှုန်းကြီးမြင့်မှုကို မလိုလားတဲ့ ရန်ကုန်မြို့နေပြည်သူတဦးက “ဒီမနက်ပဲ စိုးရိမ်ပူပန်မှုနဲ့ စျေးကြီး၊ စျေးငယ်တွေမှာ တိုးကြိတ်ဝယ်ယူ လာတာတွေတွေ့ရတဲ့အတွက် လူတန်းစား ကွာဟမှုရှိတဲ့ မြန်မာပြည်မှာ ကုန်စျေးနှုန်းခုန်တက်သွားရင် အခြေခံလူတန်းစားတွေရဲ့ဘဝ ဒုက္ခကြုံလာနိုင်လို့ နည်းနည်း လေးပဲဖြစ်ဖြစ် သတိဝင်ကြဖို့ ပြောချင်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ကုန်စျေးနှုန်းမြင့်တက်မလာဖို့အတွက် Panic Buying မဖြစ်အောင် ပြည်သူတွေအချင်းချင်း လို်က်နာကြဖို့ မေတ္တာရပ်ခံပြောချင်တာပါ။ စီးပွားရေးသမားတွေကတော့ စျေးတက်ဖို့ အတွက် ဒီလိုအခြေအနေကို မျှော်လင့်နေတာ မဟုတ်လား” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ ကိုဗစ်ပထမလှိုင်းစဖြစ်ခဲ့တဲ့အချိန်ကလည်း မလိုအပ်ဘဲ အလွန်အကျွံဝယ်ယူမှုတွေကြောင့် စျေးဝယ်စင်တာ တွေမှာ ဝယ်ယူသူတွေ အပြိုင်တိုးဝှေ့ ဝယ်ယူမှုကနေစခဲ့တာက စျေးနှုန်းတွေလည်း လိုက်ပါပြောင်းလဲသွားတာ ကြုံတွေ့ခဲ့ ပြီးဖြစ်ပါတယ်။၏

NUG အစိုးရက အခုလို စစ်ကြေညာလိုက်တာကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်က  ပြင်ဆင်မှုနဲ့အတူ လိုတာထက်ပိုပြီး တင်းကျပ်လာမယ့်သဘောတွေ့ရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကသုံးသပ်ပါတယ်။

“ဒီကြေညာချက်က မြို့ပေါ်မှာ ရှိတဲ့ ဆယ်ကျော်သက်အရွယ်တွေအတွက် တအား အန္တရာယ်များတယ်။ တဖက်က စကစ က အခုဆိုရင် အစိုးရိမ်လွန်ပြီးတော့ ပိတ်စိတ်တိုက် လိုက်ရှာနေပြီ။ PDF လို့ယူဆရမယ့် ဆယ်ကျော် သက်တွေကို သူတို့(စကစ)က ဟုတ် မဟုတ် ဖမ်းတော့မှာဘဲဗျ။ ကျနော်အနေနဲ့က NUG အစိုးရအနေနဲ့ လေထဲမှာ အလွယ် တကူပြောလိုက်ပေမယ့် မြေပြင်မှာ ရင်ဆိုင်ရတဲ့ လူတွေရဲ့ဒုက္ခက ကြီးတယ်။ အချိန်မရွေး အခု ဖမ်းပြီးတော့ နက်ဖန် အလောင်းပြန်ရနိုင်တဲ့ အနေအထားလေ။ ကျနော်တို့လည်း စစ်အာဏာရှင်ကို မကြိုက်ပါဘူး။ စစ်အာဏာသိမ်းထားတဲ့ နိုင်ငံတိုင်းဘယ်နိုင်ငံကမှ မတိုးတက်လာဘူး။ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကောပေါ့။ ဖွံ့ဖြိုးရေးနောက်ကျနေတာချည်းပဲ။ အခုလို လက်နက်ကိုင်တိုက်ပွဲမှ လွဲပြီး တခြားနည်းလမ်း မရှိတော့ဘူးဆိုတာလည်း ကျနော်တို့လက်ခံတယ်။ ပြီးတော့ ဒီကိစ္စက တောထဲ တိုက်ပွဲမဟုတ်ဘူး။ မြို့ပေါ်တိုက်ပွဲ။ ပြည်သူနဲ့ ရန်သူ ရောနေတဲ့ ကိစ္စ။ အဲ့လိုရောနေတဲ့အချိန်မှာ စစ်မဟာဗျူဟာရေးဆွဲနေတဲ့နေရာမှာ တအား သတိထားရေးဆွဲရမယ့်ကိစ္စတွေ အများကြီးရှိတယ်ဗျ။” 

ရန်ကုန်မြို့နေ ဆယ်ကျော်သက်လူငယ်တဦးကတော့ “မနေ့ကဆို ညနေ လေးနာရီက ပလာဇာမှာ ပေါက်တော့ မြို့ထဲမှာ အစစ်အဆေးတွေ များတွေတယ်။ လိုင်းကားပေါ်တွေတောင် တက်ပြီး စစ်တာ။ ကျနော်တို့ဆို မဖြစ်မနေ လိုင်းကားစီးပြီး အလုပ်သွားနေရတာ။ တကယ်လို့ အလုပ်မသွားပဲနဲ့ အိမ်မှာပဲ နေဖို့က ဒီဟာက ဘယ်လောက်ကြာမလဲ မသိဘူးလေ။ ရေရှည် ကြာလို့ရှိရင် စားဖို့က ဘာနဲ့ စားကြမလဲ” လို့ သူ့ရဲ့ ပူပန်သောကမှုကို ပြောလာပါတယ်။

အလားတူ မုံရွာမြို့မှာလည်း စျေးဆိုင်တချို့မှာ စားသောက်ကုန်တွေ အလုအယက်ဝယ်ယူနေကြတာကို တွေ့ရပါတယ်။

အများအားဖြင့် ကုန်ခြောက်၊ စားသောက်ကုန်တွေနဲ့ နေ့စဉ်သုံး ပစ္စည်းတွေကို တန်းစီဝယ်နေကြပြီး ကုန်ပစ္စည်းဈေးတက်တာတော့ မရှိသေးဘူးလို့ ဆိုကြပါတယ်။

“အခုလက်ရှိဝယ်ရတာတော့ ဈေးမတက်ဘူး။ ဈေးဝယ်သူများတော့ အကြာကြီးစောင့်ရတယ်။ ဈေးတော့ မတက်စေချင်ဘူး။ ပြည်သူလူထု စားရေးသောက်ရေး အခက်အခဲဖြစ်မှာ စိုးရိမ်ရတယ်။” လို့ ဈေးဝယ်သူ တစ်ဦး က ပြောပါတယ်။

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်နဲ့  ထောက်ကြန့်ဘက်မှာတော့ ပစ်ခတ်သံတွေ ကြားရတယ်လို့ သတင်းတွေထွက်ပေါနေပေမမဲ့  အတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်မြို့တွင်း စမ်းချောင်းနဲ့ တာမွေအပါအဝင် မြို့နယ်တော်တော်များများမှာ စစ်ကောင်စီ အကြမ်းဖက်တပ်တွေက  အင်အားတိုးမြင့် လှည့်ကင်းပတ်နေတာတွေ့ရသလို၊  ယုဇနပလာဇာနဲ့ သင်္ဃန်းကျွန်းဘက်က ရှော့ပင်းစင်တာကြီးတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်လို့ လည်း သိရပါတယ်။ 

စစ်အာဏာရှင် တော်လှန်ရေးအတွက် ခုခံစစ်ပွဲ ဒီကနေ့စတင်တဲ့အကြောင်းနဲ့  မြန်မာနိုင်ငံတဝန်းကို စက်တင်ဘာ ၇ ရက်နေ့ကစလို့ အရေးပေါ်အခြေအနေအဖြစ် NUG အစိုးရက  ကြေညာလိုက်ပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်တဲ့ အချိန်အထိ သတ်မှတ်ကြောင်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013