
အီရန်နိုင်ငံသားတွေ ရထားနဲ့ ခရီးမသွားကြဖို့နဲ့ ရထားနဲ့ မီးရထားသံလမ်းအနီးနားမှာ ရှိနေမယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်နိုင်တယ်လို့ အစ္စရေးက သတိပေးလိုက်ပါတယ်။
ဧပြီ ၇ ရက် အီရန်စံတော်ချိန် ည ၉ နာရီအထိ တနိုင်ငံလုံးမှာ ရထားမစီးကြဖို့ အစ္စရေးစစ်တပ်က သူတို့ရဲ့ ဖာရ်စီဘာသာစကားသုံး လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်တာဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားကနေ ဧပြီ ၇ ရက်ည ၈ နာရီနောက်ဆုံးထားပြီး လွတ်လွတ်လပ်လပ် ဖြတ်သန်းခွင့်မပြုရင် အီရန်အခြေခံအဆောက်အအုံတွေကို တညတည်းနဲ့ ဖျက်ဆီးပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပြီးနောက်မှာ ဒီသတိပေးချက် ထွက်လာတာပါ။
အမေရိကန်နဲ့ အစ္စရေး ပူးတွဲတိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း အီရန်မှာ သေဆုံးသူ ၃,၅၀၀ ကျော်လာခဲ့ပြီး အဲဒီထဲက အနည်းဆုံး ၁,၆၆၅ ယောက်ဟာ အရပ်သားတွေဖြစ်တယ်လို့ အမေရိကန် အခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ HRANA က ထုတ်ပြန်ပါတယ်။
ဧပြီ ၆ ရက်ဟာ ၁၀ ရက်တာကာလမှာ တိုက်ခိုက်မှုအများဆုံးနေ့ဖြစ်ခဲ့ပြီး အဲဒီတနေ့တည်းမှာတင် အရပ်သား ၄၉ ယောက် သေဆုံးခဲ့ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်ရဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို တရားဝင် ပယ်ချ လိုက်တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ကြေညာပါတယ်။
ဒါ့အပြင် အီရန်ဘက်က သူတို့ရဲ့ တောင်းဆိုချက်စာရင်းကိုလည်း မျှဝေခဲ့ပါတယ်။ ဧပြီ ၆ ရက် ညပိုင်း ကလည်း တီဟီရန်မြို့က အစိုးရနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေကို အစ္စရေးက လေကြောင်း ကနေ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေကို ရှင်းလင်းနိုင်ခဲ့သလို အီရန်က ပစ်ခတ်တဲ့ ဒုံးကျည် တွေကိုလည်း ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
Source:Reuters











