DVB Logo
Home
မြန်မာသတင်း
အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၆၀ ထိမြင့်တက်လာသဖြင့် SME လုပ်ငန်းများ ထိခိုက်နိုင်
DVB
·
September 6, 2021
အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၆၀ ထိမြင့်တက်လာသဖြင့် SME လုပ်ငန်းများ ထိခိုက်နိုင်
Donate to DVB

မြန်မာကျပ်ငွေနဲ့ လဲလှယ်တဲ့ အမေရိကန်ဒေါ်လာ တန်ဖိုးက စက်တင်ဘာ ၆ ရက် ဒီကနေ့မှာ တစ်ဒေါ်လာကို ကျပ် ၁၈၆၀ အထိ မြင့်တက်လာလာပြီး ဒီနှုန်းက လက်ရှိ စျေးကွက်အခြေအနေအရ ဆက်တက်မယ့် အနေအထားမှာ ရှိနေတယ်လို့ နိုင်ငံခြားငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

စစ်တပ်အာဏာမသိမ်းခင် တရက်အလို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ  အမေရိကန် တစ် ဒေါ်လာတန်ဖိုးက ပြည်တွင်းနိုင်ငံခြားငွေကြေး စျေးကွက်မှာ မြန်မာငွေ ၁၃၃၁ ကျပ် သာရှိရာက ဒီကနေ့ ၁၈၆၀ အထိ စံချိန်တင်မြင့်တက်သွားတာပါ။ သိပ်မကြာခင်ကာလမှာ  အမေရိကန် တစ်ဒေါ်လာကို ကျပ်  ၂၀၀၀ လောက်အထိဆက်သွားနိုင်ပြီးတော့ မှောင်ခိုဈေးကွက်ကြီးထွားနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက တွက်ဆနေကြပါတယ်။ 

နိုင်ငံခြားငွေကြေးစျေးကွက်အား စောင့်ကြည့်လေ့လာသူတဦးက “ဒေါ်လာစျေးက ဆက်တက်မယ့်အခြေအနေမှာရှိတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း နဲ့ဖြေရှင်းမှ ရသလို စီးပွားရေးပြဿနာကိုလဲ စီးပွားရေး နည်းလမ်းအရ ဖြေရှင်းမှရမယ်။ အဲ့လိုမဟုတ်ဘဲ အတင်းအကျပ်ပေါ့နော်။ အုပ်ချုပ်ရေးနည်းလမ်းနဲ့ (by force) သုံးပြီး ဖြေရှင်းမယ်ဆိုရင် ဘာဖြစ်နိုင်သလဲဆို စျေးကွက်က (distortion) ကမောက်ကမတွေ ဖြစ်ကုန်မယ်။ ဒါကြောင့် စျေးကွက်စီးပွားရေးလို့ပြောရင် စျေးကွက်စီးပွားရေးရဲ့ အခြေခံက ဝယ်လိုအားနဲ့ ရောင်းလိုအားက အားမျှနေရင် စျေးနှုန်း တခုက တည်ငြိမ်နေတယ်။ အခုက ဝယ်လိုအားနဲ့ ရောင်းလိုအားက အားမမျှတော့ဘူး။ အားမမျှတဲ့အခါ စျေးတွေက တက်တယ်။ အဲ့ဒါကို အစိုးရက စျေးတက်တာကို မလိုလားဘူး ပေါ့နော်။ အဲ့အတွက် (by force) နည်းနဲ့ သုံးလာတယ်။ အခုပဲ ပို့ကုန်သမားတွေကို ပို့ကုန်ရငွေတွေနဲ့ပတ်သတ်ပြီး ထုတ်ရောင်းဖို့ဆိုပြီး ညွှန်ကြားချက်ထွက်လာတယ်လေ။ ဆိုတော့ အဲ့လို(by force) နည်းနဲ့သုံးရင် မအောင်မြင်ဘူး။ အရင်ကလည်း  ဒါမျိုးကျင့်သုံးခဲ့ပေမယ့် မအောင်မြင်ဘူးလေ။ ပြီးတော့ ဘာဆက်ဖြစ်မလဲဆိုရင် မှောင်ခိုစျေးကွက် ပေါ်ပေါက်လာလိမ့်မယ်” လို့ပြောပါတယ်။

လက်ရှိအခြေအနေအရ မြန်မာကျပ်ငွေတန်ဖိုးထိုးကျပြီး  ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးတန်ဖိုး မြင့်တက်လာတဲ့အကျိုးဆက်က ပြည်တွင်း အသေးစား၊အလတ်စား SME လုပ်ငန်းတွေကိုသာမက အထူးသဖြင့် စားသုံးသူပြည်သူတွေကိုလည်း ထိခိုက်မှုရှိလာနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

ပြည်ပရောက်စီးပွားရေးသုတေသီတဦးက “ဒေါ်လာစျေးတက်လာရင် သွင်းကုန်ပစ္စည်းတွေရဲ့ တန်ဖိုးက တက်လာလိမ့်မယ်။ မြန်မာပြည်အခြေအနေအရ သွင်းကုန်ကလည်း အများဆုံးရှိနေတာ။ ပြီးတော့ မရှိမဖြစ် သွင်းရမယ့် ဟာတွေက ရှိတယ်။ ဆေးဝါးတွေနဲ့ စက်သုံးဆီ၊ စားအုန်းဆီ။ ဒါက ကျနော်တို့ အမြဲပြောဖြစ်တာက မြန်မာပြည်မှာ ဆီ ၂ ဆီ နဲ့ ဒုက္ခရောက်နေတယ်ဆိုတာ စက်သုံးဆီ နဲ့ စားအုန်းဆီပေါ့။ ဆေးဝါးကလည်း ၉၀ ရာခိုင်နှုန်း က ပြည်ပကနေ သွင်းနေရတာ။ ကျန်တဲ့ ဟာတွေ မပါသေးဘူးနော်။ ဒါမရှိမဖြစ် သွင်းရမယ့် အုပ်စုကိုပဲ ပြောတာ။ ဒီသွင်းရမယ့် ပစ္စည်းတွေ စျေးတက်လာရင် ပြည်တွင်းက သွင်းကုန်ပစ္စည်းတွေလဲ စျေးတက်လာမှာပေါ့။ စျေးတက်တော့ စားသုံးမှုကိုထိခိုက်စေတယ်။ နောက်တချက်က စက်မှုလက်မှု ရှုထောင့်ကနေ ကြည့်ရင် မြန်မာနိုင်ငံက စက်မှုကုန်ကြမ်းတွေက နိုင်ငံခြားကနေ သွင်းနေရတာ။ သွင်းရတဲ့ အတွက် ပြည်တွင်းက SME လုပ်ငန်းတွေမှာ ကုန်ကြမ်း စရိတ်မြင့်လာလို့ ထုတ်လုပ်မှုစရိတ်က မကိုက်ဘူး။ မကိုက်တဲ့အတွက် နိုင်ငံခြားနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းလာမယ်။ မြန်မာပြည်က SME လုပ်ငန်းရှင်အသေးလေးတွေအဖို့ အခွင့်အလမ်း မသာဘူးပေါ့နော်။ ဒီတော့ ကျနော်တို့က ထုတ်လုပ်မှုနဲ့ စားသုံးမှု ၂ ခုစလုံးမှာ ထိခိုက်မှု ရှိလာမှာ သေချာတယ်” လို့ ဆိုပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးကို တည်ငြိမ်အောင် အစိုးရက တာဝန်ယူ ဆောင်ရွက်ရမှာဖြစ်ပေမယ့် လက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို မသိနိုင်တာကြောင့် မြန်မာပြည်စီးပွားရေးက အန္တရာယ်ဇုန်ထဲမှာ ရှိနေတယ်လို့လည်းဆိုပါတယ်။

ဒါနဲ့ ပတ်သတ်ပြီး ပြည်ပရောက်စီးပွားရေးသုတေသီက “ သီအိုရီ သဘောအရ ငွေကြေးဖောင်းပွနှုန်းတက်ရင် အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ အခုက တဘက်မှာလည်း ငွေကြေး ဖောင်းပွမှုက ဖြစ်နေတယ်။ အလုပ်လက်မဲ့ကလည်း များနေတယ်။ အဲ့ နှစ်ခုက တပြိုင်တည်း ဖြစ်နေတဲ့အတွက် ဒီဒဏ်ကို ပြည်သူလူထုက ပိုခံရတော့မယ်။ ဝင်ငွေမရှိဘူး၊ အလုပ်အကိုင် မရှိဘူး။ ကုန်စျေးနှုန်းကလည်း ထပ်တက်တယ် ဆိုတော့ မိအေး နှစ်ခါ နာဖြစ်ရတာ့မယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က စစ်တပ်အာဏာသိမ်းခဲ့တဲ့အချိန်တုန်းက မြန်မာပြည်စီးပွားရေးဟာ အနုတ် ၁၁  ရှိခဲ့ပါတယ်။

အခု ၂၀၂၁ ခုနှစ်မှာတော့ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းတွက်ချက်မှုအရ  စစ်တပ် အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးက အနုတ် ၁၈ ရှိမယ်လို့ တွက်ချက်ထားတာကြောင့် ဒါက စံချိန်သစ် စီးပွားရေးကျဆင်းမှု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013