DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်က လုပ်ငန်းရှင်တချို့ ချေးငွေမရသဖြင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲဖြစ်နေ
DVB
·
December 23, 2020
ကရင်ပြည်နယ်က လုပ်ငန်းရှင်တချို့ ချေးငွေမရသဖြင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲဖြစ်နေ
1 / 2
Donate to DVB

ကရင်ပြည်နယ်က လုပ်ငန်းရှင်တချို့ဟာ နိုင်ငံတော်ရဲ့ ချေးငွေမရရှိတဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေရှိနေပြီး စက်ရုံနဲ့ အလုပ်ရုံတချို့ ယာယီရပ်နားရတာတွေရှိတယ်လို့ လုပ်ငန်းရှင်တွေက ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံတော်က စက်ရုံအလုပ်ရုံတွေ လုပ်ငန်းလည်ပတ်ဖို့ အတိုးနှုန်းသက်သာစွာနဲ့ ငွေချေးပေးတာတွေ  ဆောင်ရွက်ပေးနေပေမယ့် လုပ်ငန်းရှင်တချို့ မရရှိတဲ့အတွက် အလုပ်သမားတွေကို အလုပ်ပေးနိုင်ဖို့ လုပ်ငန်ရှင်တွေအနေနဲ့ အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။

ဘားအံမြို့၊ မဟာဘားအံအထည်ချုပ်စက်ရုံ၊ ဒါရိုက်တာ ဦးစိုးနိုင်က “အလုပ်ရှင်တွေရဲ့ အခက်အခဲကို အဓိကထားပြီး ပံ့ပိုးပေးနိုင်မှ အလုပ်သမားတွေကို အများကြီး အလုပ်ခန့်နိုင်မယ်။ အခက်အခဲအများကြီး ကြုံနေရတဲ့ အလုပ်ရှင်က ဘယ်လိုရပ်တည်နိုင်မလဲ၊ မရပ်တည်နိုင်တော့ အလုပ်သမားတွေ အလုပ်ပေးနိုင်ဖို့နည်းသွားမယ်”လို့ ဆိုပါတယ်။

အစိုးရဘက်က စက်ရုံကို လာရောက်စစ်တာတွေရှိပြီး၊ ပံ့ပိုးမှုကဏ္ဍတွေမှာ လိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးတာမရှိဘူးလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

အထည်ချုပ်စက်ရုံ ပိတ်သိမ်းလိုက်တဲ့အတွက်  အလုပ်ရှာဖွေရာမှာ အလုပ်အကိုင်အခွင့်အရေးမရရှိလို့ စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

ဘားအံမြို့၊ အမှတ်၉ရပ်ကွက်၊ မသက်သက်ခိုင်က “ကိုဗစ်ကြောင့် စက်ရုံပိတ်တော့ တခြားအလုပ်တွေလည်း ရှာကြည့်တယ်။ ဒါပေမယ့် အဆင်မပြေဘူး။ ရောဂါကြောင့် စားဝတ်နေရေးလည်း အခက်အခဲဖြစ်တာပေါ့”လို့ ပြောပါတယ်။

နိုင်ငံတော်ချေးငွေ မရရှိတဲ့အတွက် စက်ရုံ၊ အလုပ်ရုံနဲ့ အသေးစားလုပ်ငန်းတချို့ ရပ်နားရတာတွေ၊ အလုပ်သမား လျှော့ချတာတွေ ရှိနေတဲ့အတွက် လုပ်ငန်းလည်ပတ်နိုင်ဖို့ ပြည်နယ်အစိုးရအနေနဲ့  ဖန်တီးပေးသင့်တယ်လို ကုန်သည်ကြီးများအသင်း တာဝန်ရှိသူက ဆိုပါတယ်။

ကရင်ပြည်နယ် ကုန်သည်ကြီးများအသင်း၊ ဒုဥက္ကဋ္ဌ(၁) ဦးဇော်ဌေးက “အခက်အခဲတော့ ရှိပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ထိပြီဆိုတာနဲ့ အောက်က SME လေးတွေရှိမယ်။ သူတို့အောက်က လေဘာတွေ အများကြီး အခက်အခဲတွေဖြစ်တယ်”လို့ ဆိုပါတယ်။

ကရင်ပြည်နယ် ကုန်သည်ကြီးများအသင်းမှာ အသင်းဝင်ပေါင်း ၂၅၇ ဦးရှိပါတယ်။

ကိုဗစ်ကာလအတွင်း နိုင်ငံတော်က စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ငန်းလည်ပတ်နိုင်ဖို့ အတိုးနှုန်းသက်သာစွာနဲ့ ပထမအကြိမ် ချေးငွေပေးအပ်ရာမှာ  စီးပွားရေးလုပ်ငန်းရှင် ၃၃ ဦး တင်ပြတောင်းခံရာမှာ ၂၇ ဦးသာ တင်ပြတောင်းခံငွေရဲ့ ၃ ပုံ ၁ ပုံပဲ ရရှိပါတယ်။

ဒုတိယအကြိမ် ချေးငွေပေးအပ်ရာမှာ စီးပွားရေးလုပ်ငန်းရှင် ၁၃၉ ဦးတင်ပြတောင်းခံရာမှာ မွေးမြူးရေး၊ စိုက်ပျိုးရေးနဲ့ ကော်စေ့လုပ်ငန်းရှင် ၇ ဦးသာ ချေးငွေရရှိတယ်လို့  ကရင်ပြည်နယ်ကုန်သည်ကြီးများအသင်း တာဝန်ရှိသူက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း နိုင်ငံသားပိုင် စက်ရုံနဲ့အလုပ်ရုံ ၅၀၀ ကျော်၊ နိုင်ငံခြားသားပိုင် စက်ရုံ ၃ ရုံရှိရာမှာ အလုပ်သမားပေါင်း ၆၅၀၀ ကျော် ဝင်ရောက်လုပ်ကိုင်နေရာက  စက်ရုံ ၃ ရုံ ယာယီရပ်နားခဲ့တဲ့အတွက် အလုပ်သမား စုစုပေါင်း ၄၀၀၀ နီးပါး အလုပ်ရပ်နားခဲ့ရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013