
ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတွေစာရင်းမှာ ဖင်လန်နိုင်ငံဟာ ထိပ်ဆုံးကနေ ၉ နှစ်ဆက် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒီစာရင်းမှာ နော်ဒစ်နိုင်ငံတွေ ထိပ်ပိုင်းမှာရှိနေပြီး ဗဟိုအမေရိကနိုင်ငံ ကော်စတာရီကာကလည်း အဆင့် ၄ အထိ တက်လာပါတယ်။
မြန်မာနိုင်ငံကတော့ စာရင်းမှာပါတဲ့ ၁၄၇ နိုင်ငံအနက် အဆင့် ၁၂၉ မှာ ရပ်တည်ခဲ့ပြီး တနည်းပြောရရင် အောက်ဆုံးကနေ စရေတွက်ရင် ၁၈ နိုင်ငံမြောက် ဖြစ်ပါတယ်။
စစ်ပွဲနဲ့ မတည်ငြိမ်မှုတွေရှိတဲ့ နိုင်ငံတွေကတော့ အောက်ဆုံးမှာ ဆက်ရှိနေပါတယ်။ မတ် ၁၉ ရက်မှာ ထုတ်ပြန်တဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာမှာ လူငယ်တွေရဲ့ ပျော်ရွှင်မှု ကျဆင်းလာတာကို မီးမောင်းထိုးပြထားပါတယ်။
အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန်လို အင်္ဂလိပ်စကားပြောနိုင်ငံတွေက အသက် ၂၅ နှစ်အောက် လူငယ်တွေကြားမှာ ပျော်ရွှင်မှု သိသိသာသာ ကျဆင်းလာတာပါ။
အထူးသဖြင့် မိန်းကလေးတွေမှာ ပိုသိသာပြီး လူမှုကွန်ရက်ကို အလွန်အကျွံ သုံးစွဲတာနဲ့ ဆက်စပ်နေပါတယ်။
နိုင်ငံပေါင်း ၅၀ နီးပါးက အသက် ၁၅ နှစ်အရွယ်တွေကို လေ့လာချက်အရ လူမှုကွန်ရက်ကို အလွန်အကျွံသုံးတာက ပျော်ရွှင်မှုကို လျော့ကျစေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အစိုးရအများအပြားဟာ ကလေးငယ်တွေအတွက် အွန်လိုင်းအကာအကွယ်တွေကို ပိုတင်းကျပ်ဖို့ စဉ်းစားလာကြတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။
Source: Reuters











