DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်အုပ်စုအား ထောက်ပံ့နေသည့် စီးပွားရေးသမား ဦးတေဇကို ယူကေအစိုးရက ပိတ်ဆို့ဒဏ်ခတ်
DVB
·
September 3, 2021
အကြမ်းဖက်စစ်အုပ်စုအား ထောက်ပံ့နေသည့် စီးပွားရေးသမား ဦးတေဇကို ယူကေအစိုးရက ပိတ်ဆို့ဒဏ်ခတ်
Donate to DVB

မြန်မာနိုင်ငံမှာ ဒီနှစ်အစောပိုင်းက စစ်တပ်အာဏာသိမ်းမှုအပြီး လက်နက်နဲ့ငွေကြေး အထောက်အပံ့တွေအတွက် စစ်အုပ်စုရဲ့ အဓိကစီးပွားရေးလုပ်ဖော်ကိုင်ဖက် ဦးတေဇကို ပစ်မှတ်ထားပြီး  ဒဏ်ခတ်ပိတ်ဆို့မှုအသစ်ကို စက်တင်ဘာ ၂ ရက်မှာ ယူကေနိုင်ငံက ကြေညာလိုက်ပါတယ်။

ယူကေနိုင်ငံခြားရေး၀န်ကြီး ဒေါမနစ်ရက်ဘ်ဟာ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သူ့ရဲ့ စီးပွားရေးအင်ပါယာ ထူးကုမ္ပဏီများအုပ်စုတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ကြောင်း ကြေညာလိုက်တာပါ။ 

ဒီပိတ်ဆို့မှုတွေဟာ စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့  စီးပွားရေးကွန်ရက်တွေကို ပစ်မှတ်ထားတာအပါအ၀င် စစ်အုပ်စုရဲ့ဘဏ္ဍာရေးလမ်းကြောင်းတွေနဲ့ စီးပွားရေး အရင်းအမြစ်တွေ ကို ကန့်သတ်ဖို့ ခိုင်မာတဲ့ အစီအမံတွေကို ယူကေအစိုးရက  ချမှတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

လုပ်ငန်းရှင်သူဌေးကြီး ဦးတေဇနဲ့ သူ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ယူကေမှာထားရှိတဲ့ ပိုင်ဆိုင်မှုတွေကို တားမြစ်ထားမှာဖြစ်ပြီး ဗြိတိန်ကိုလာရောက်ခွင့် ဗီဇာလည်း ပိတ်ပင်ထား လိုက်ပါပြီ။

ဦးတေဇဟာ ယခင်နဲ့လက်ရှိ စစ်အစိုးရတွေနဲ့ သူ့ရဲ့ကျယ်ပြန့်တဲ့အဆက်အသွယ်တွေက တဆင့် စစ်တပ်နဲ့ ဆက်နွှယ်ပတ်သက်နေပြီး စစ်အုပ်စုကိုယ်စား လက်နက်၀ယ်ယူရေးမှာ ကူညီပေး နေကာ ကြီးလေးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုကို ထောက်ပံ့ပေးခဲ့တယ်လို့လည်း ယူကေ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ 

ဦးတေဇပိုင်ဆိုင်တဲ့ ထူးကုမ္ပဏီများအုပ်စုဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ရန်ပုံငွေတွေလှူဒါန်းခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ယူကေအစိုးရဟာ ဖေဖော်ဝါရီ အာဏာသိမ်းမှုအပြီးမှာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အရပ်ဘက်နဲ့ စစ်ဘက်လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှု တွေ ချမှတ်ခဲ့တာပါ။

စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ အရိပ်အယောင်မတွေ့ရသေးဘူးလို့လည်း ယူကေနိုင်ငံခြားရေး၀န်ကြီး ဒေါမနစ်ရက်ဘ်က ကြေညာချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

ယူကေဟာ မိတ်ဆွေတွေနဲ့အတူ စစ်အုပ်စုရဲ့ငွေကြေးသုံးစွဲခွင့် လမ်းကြောင်းတွေနဲ့ ကလေး သူငယ်တွေ အပါအဝင် အပြစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်ဖို့ အသုံးပြုတဲ့ လက်နက်ထောက်ပံ့မှု တွေကို ဆက်လက်တားမြစ် ကန့်သတ်သွားမှာဖြစ်ပြီး စစ်အုပ်စုရဲ့လုပ်ရပ်တွေကို ထောက်ခံတဲ့ သူတွေလည်း ပစ်မှတ်ထားသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ယူကေရဲ့ ဥက္ကဋ္ဌတာဝန် ယူထားမှုအောက်မှာ G7 ကမ္ဘာ့ထိပ်သီး ၇ နိုင်ငံ အုပ်စုဟာ ဒီမိုကရေစီကိုပြန်လှည့်ဖို့ အကြမ်းဖက်မှုကိုအဆုံးသတ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးအပါအ၀င် အာဆီယံအချက် ၅ ချက်ကို လက်ခံအတည်ပြုဖို့လည်း ဆက်လက်တောင်းဆိုခဲ့ပါတယ်။

Photo Credit- Htoo Foundation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013