DVB Logo
Home
မြန်မာသတင်း
ထင်ရှားသည့် စွယ်စုံရ စာရေးဆရာ၊ သတင်းစာဆရာ၊ ဒါရိုက်တာ မောင်မိုးသူ ကွယ်လွန်
DVB
·
September 2, 2021
ထင်ရှားသည့် စွယ်စုံရ စာရေးဆရာ၊ သတင်းစာဆရာ၊ ဒါရိုက်တာ မောင်မိုးသူ ကွယ်လွန်
Donate to DVB

ထင်ရှားတဲ့ စွယ်စုံရ စာရေးဆရာ၊ သတင်းစာဆရာ၊ ဒါရိုက်တာ မောင်မိုးသူဟာ စက်တင်ဘာ ၁ ရက်ညပိုင်းက ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

မောင်မိုးသူကို မန္တလေးမြို့မှာ ၁၉၃၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၈၄ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မိုးသူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်မှာ ဗဟိုကော်မတီဝင်တ ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး အနုပညာလောကသားတွေက မောင်မိုးသူ၊ ဦးမိုးသူ၊ ဘကြီးမိုး စတဲ့ နာမည်တွေနဲ့ လူချစ်လူခင်များသူ ဖြစ်ပါတယ်။

မောင်မိုးသူဟာ ကဗျာ၊ ဆောင်းပါး၊ ပင်ကိုယ်ရေးဝတ္ထုတွေအပြင် ဘာသာပြန်ဝတ္ထု တွေနဲ့လည်း ထင်ရှားပြီး အိပ်မက်ကုန်သည်၊ အိပ်ဇိုးဒပ်၊ ကျားကုတ်ကျားခဲ၊ မာဖီးယားနှင့် ပေါ်ပီပန်း၊ အိပ်ဇိုးဆေး၊ ငြိုးသူ့ရန်ဘက်စတဲ့  စာအုပ်တွေကတော့ ပရိသတ်တွေကြား နာ မည်ကြီးတဲ့ စာအုပ်တွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် သုတရသဆောင်းပါးတွေဖြစ်တဲ့ လွယ်အိတ်တစ်လုံးနှင့် ရွာစဉ်လည် (မိုး ဝေနှင့် အခြားမဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် (ကလျာမဂ္ဂဇင်းများ)စတဲ့ စာအုပ်တွေကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။

မောင်မိုးသူဟာ မန္တလေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း (မြန်မာစာတည်း)၊ မန်း ခေတ်သတင်းစာ၊ ခေတ်ဂျာနယ်၊ ဓနမဂ္ဂဇင်း၊ ကုမုဒြာ ဂျာနယ်၊ Perfect မဂ္ဂဇင်းတွေမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သလို မန်းတက္ကသိုလ် ကလောင်ရှင်အသင်း အမှုဆောင်၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်၊ မန္တလေးအသင်း အမှုဆောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီ ဗဟို အမှုဆောင်အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ရုပ်ရှင်ဘက်မှာတော့ မောင်မိုးသူဟာ ရေပွက်ပမာ၊ ရန်ကုန်သားနှင့် မန္တလေးသူ၊ မုန်းရစ်လေဦး၊ ချစ်လိုက်တာ မသည်းအူရယ် အပါအဝင် ဇာတ်ညွှန်းပါင်းများစွာ ရေးသားခဲ့ပြီး ဒါရိုက်တာအနေနဲ့လည်း ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာတော့ ကျနော့်နာမည် ကျော်ကျော် (ကျော်ဟိန်း၊ တင်တင်ညို)၊ မှုန်နံ့သာ ခြယ်ကာသပါလို့ (တွံတေးသိန်းတန်၊ တင်တင်ညို)၊ သက်ထားဆိုသော မိန်းမချော (ထွန်းဝေ၊မြတ်မွန်)၊ ဆောင်းမှာတွေ့သော မိန်းကလေး (ညွန့်ဝင်း၊ တင်တင်ညို)၊ မမလေး ပန်စရာ (ကောလိပ်ဂျင်နေဝင်း၊ ချိုပြုံး၊ မြင့်မြင့်ခိုင်)၊ တကယ် ချစ်ရဲ့လား (ဇော်လင်း၊ စန္ဒာ)၊ ကျမမှာ ချစ်သူရှိတယ် (ကောလိပ်ဂျင်နေဝင်း၊ ကျော်စွာဝင်း၊ ချော)စတဲ့ ရုပ်ရှင်တွေကတော့ ထင်ရှားပါတယ်။

ဒါ့အပြင် မောင်မိုးသူဟာ နိုင်ငံရေးဘက်မှာလည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၅၈-၅၉ ခုနှစ် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ်တာဝန်ယူခဲ့ပြီး ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ တက်လာချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

မြန်မာပြည်သူတရပ်လုံးပါဝင်တဲ့ ရှစ်လေးလုံးလူထုအုံကြွမှုကြီးမှာတော့ မောင်မိုးသူဟာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ စာရေးဆရာ မောင်သောကတို့ ဦးဆောင်တဲ့ စာရေးဆရာများသမဂ္ဂများအဖွဲ့ အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်မှာတော့ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ပြီး ပြန်ကြားရေးတာဝန်ယူခဲ့ကာ ၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖမ်းဆီးချိန်မှာ မောင်မိုးသူလည်း ဖမ်းခံခဲ့ရပြီး ထောင် ၃ နှစ် ကျခဲ့ပါတယ်။

မောင်မိုးသူဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တာတွေကြောင့် ခေတ်အဆက်ဆက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေးသမားတယောက်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013