DVB Logo
Home
မြန်မာသတင်း
ပျူစောထီးအဖွဲ့ဝင်များ ရမ်းကားပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူတဦး အပါအဝင် ကျဆုံးပြည်သူ ၁၀၄၁ ဦး ရှိလာ
DVB
·
September 1, 2021
ပျူစောထီးအဖွဲ့ဝင်များ ရမ်းကားပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူတဦး အပါအဝင် ကျဆုံးပြည်သူ ၁၀၄၁ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လအကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၄၁ ယောက်ထိရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၇၄၂ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၁၀၇ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၆၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ချောင်းဒေါင်းကျေးရွာရှိ ဧရာဝတီသွေးလှူ ရှင်အသင်းဥက္ကဋ္ဌ ဦးကိုနီရဲ့ နေအိမ်ကို ဩဂုတ် ၃၁ ရက်ည ၈ နာရီဝန်းကျင်က ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဦးကိုနီရဲ့ သားဖြစ်သူ ကိုမင်းထက်ကိုဟာ ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့ပြီး မြင်းခြံဆေးရုံမှာ ကျဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် ညီဖြစ်သူ ကိုလူအေးဟာလည်း ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ သူတို့ဟာ ဦးကိုနီကို လာရောက်ပစ်ခတ်တာဖြစ်ပြီး ဦးကိုနီကို မတွေ့တဲ့အတွက် တွေ့တဲ့သူကို ပစ်ခတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

Eleven သတင်းဌာနရဲ့ မြိတ်အခြေစိုက် သတင်းထောက်ဖြစ်တဲ့ ကိုဇော်မိုးဦးကို  စစ်သားနဲ့ ရဲတွေက ဒီကနေ့မနက်အစောပိုင်းက နေအိမ်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ် လို့ သိရပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ Delta News Agency သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကိုလည်း ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းဖို့ဆိုပြီး ဩဂုတ် ၂၉ ရက်နေ့ ညနေပိုင်းက နေအိမ်မှာ ဖမ်းဆီးသွားခဲ့ တယ်လို့ သိရှိရပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခြန်းပြန်းကျေးရွာမှ သြဂုတ်လ ၂၀ ရက်နဲ့ ၂၂ ရက်နေ့ တွေမှ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၄ ယောက်ကို လူမှုကွန်ရက်စာမျက်နှာ(Facebook)မှာ NUG ပရိုဖိုင်း ပြောင်းထားတာကြောင့်ဆိုကာ အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)နဲ့  အမှုဖွင့်ခဲ့ပါတယ်။ အဆိုပါ လူငယ် ၄ ယောက်ကတော့ ကိုဒီဇင်ထန်း၊ ကိုထယ်တွီး၊ ကိုထောင်ပိန်းနဲ့ ကိုစန်သိန်းတို့ဖြစ်ကြောင်း သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013