DVB Logo
Home
နိုင်ငံတကာ
အီဘိုလာရောဂါကြောင့် ယူဂန်ဒါနှင့် ကွန်ဂိုတွင် လူ ၁၇၇ ယောက်ထက်မနည်း သေဆုံး
DVB
·
May 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အီဘိုလာဗိုင်းရပ်စ် ကူးစက်နေလို့ ယူဂန်ဒါနဲ့ ကွန်ဂိုနိုင်ငံတွေမှာ လူ ၁၇၇ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၇၅၀ အထိ ကူးစက်ခံခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ကွန်ဂိုနိုင်ငံမှာ ရောဂါကူးစက်ခံရမဲ့ဘေးကိုလည်း မြင့်မားတဲ့အဆင့်ကနေ အလွန်မြင့်မားတဲ့ အဆင့်ဆီ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ တကမ္ဘာလုံးအဆင့် ကူးစက်မဲ့ ဖြစ်နိုင်ခြေကတော့ နိမ့်ပါးနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။ 

ပထမဆုံး စုံစမ်းစစ်ဆေးတာမလုပ်မီ သီတင်းပတ်ချီ လချီပြီး ကူးစက်နေခဲ့တာဖြစ်နိုင်လို့ အမှန်တကယ် ကူးစက်ခံ အရေအတွက်က ပိုများနိုင်တယ်လို့လည်း WHO က ပြောပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက ပြည်နယ် ၃ ခုမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၂၀၄ ယောက်ရှိပြီလို့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ကာဒစ္စတန် ၂၄ သတင်းဌာနက မေ ၂၄ ရက်မှာ ထုတ်လွှင့်ပါတယ်။

၁၉၇၆ ခုနှစ်မှာ အီဘိုလာဗိုင်းရပ်စ်ကို စတွေ့ပြီးတဲ့နောက်ပိုင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ ၁၇ ကြိမ်မြောက် ကူးစက်နေတာ ဖြစ်ပါတယ်။

ကွန်ဂိုနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ အီဘိုလာရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရာမှာ WHO ဟာ ကွန်ဂိုနိုင်ငံကို ထောက်ပံ့နေတယ်လို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ်က မေ ၁၅ ရက်မှာ ပြောပါတယ်။

WHO ဟာ ကွန်ဂိုနိုင်ငံရဲ့ မြို့တော် ကင်ရှာဆာက ဓာတ်ခွဲခန်း တခုမှာ အတည်ပြုထားတဲ့ ဖြစ်ရပ် ၁၃ ခုကို သိထားတယ်လို့ ပြောပါတယ်။ 

သံသယဖြစ်စရာ ဖြစ်ရပ်တွေကို တင်ပြပြီးတဲ့နောက် WHOက အဖွဲ့တဖွဲ့ကို မေ ၅ ရက်မှာ အစ်တူရီပြည်နယ်ဆီ စေလွှတ်ခဲ့ပေမဲ့ နမူနာတွေက အီဘိုလာရောဂါအတွက် အနုတ်လက္ခဏာဆောင်တဲ့ ရလဒ်တွေ ထွက်နေခဲ့ပါတယ်။

အီဘိုလာဗိုင်းရပ်စ်ရောဂါဟာ ကွန်ဂိုနိုင်ငံရဲ့ ကျယ်ပြောလှတဲ့ အပူပိုင်းသစ်တောတွေမှာ ဖြစ်လေ့ရှိပြီး ပြင်းထန်တဲ့အတွက် အသက်ဆုံးရှုံးနိုင်တဲ့ ရောဂါတခု ဖြစ်ပါတယ်။

ယူဂန်ဒါနိုင်ငံမှာလဲ အလွန်ကူးစက်တတ်တဲ့ အီဘိုလာဗိုင်းရပ်စ်ရောဂါဖြစ်နေတာကို မေ ၁၅ ရက်မှာ အတည်ပြုခဲ့တယ်လို့ကျန်းမာရေးဝန်ကြီး ဌာနက ကြေညာချက် ထုတ်ပြန်ပြောပါတယ်။

ဒီကူးစက်မှုမှာ ဘန်ဒီဘူဂီယိုမျိုးကွဲပါတယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။ အီဘိုလာရောဂါဟာ ပြင်းထန်ပြီး အသက်ဆုံးရှုံးစေတဲ့ ဗိုင်းရပ်စ်တမျိုးပါ။ ဖျားခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

ရောဂါကူးစက်ခံရသူတွေ၊ ညစ်ညမ်းတဲ့ ပစ္စည်းတွေ ဒါမဟုတ် ရောဂါကြောင့် သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုကတဆင့် ကူးစက်ပျံ့နှံ့သွားတာလို့ အာဖရိကရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013