လောင်စာဆီပြဿနာနဲ့ ကြုံတွေ့နေရချိန် အာရှနိုင်ငံတွေကို အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ အကူအညီပေးမယ်လို့ ဂျပန်နိုင်ငံက ကတိပြုခဲ့ပါတယ်။
အီရန်စစ်ပွဲကြောင့် လောင်စာဆီပြဿနာနဲ့ ကြုံတွေ့နေရတဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံတွေကို ဂျပန်က ကူညီမှာပါ။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက အာရှနိုင်ငံခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ပြီးနောက် ပူးပေါင်းဆောင်ရွက်မှု မူဘောင်တခု လုပ်မဲ့အကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာပါ။
တာကာအိချိက “ဂျပန်နိုင်ငံဟာ အာရှနိုင်ငံ တနိုင်ငံချင်းစီနဲ့ နီးကပ်တဲ့ ထောက်ပံ့မှုတွေ၊ အပြန်အလှန်မှီခိုမှုတွေ ပြုလုပ်မှာပါ” လို့ ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ ပူးပေါင်းမှုမူဘောင်ရဲ့ ရည်ရွယ်ချက်က ရေနံစိမ်းထုတ်လုပ်မှုကို ကူညီဖို့နဲ့ ရေနံထုတ်လုပ်မှုကို ကူညီဖို့ ဖြစ်သလို ရေနံတွေကို ထိန်းသိမ်းဖို့တွေ ပါဝင်ပါတယ်။
ဟော်မုဇ်ရေလက်ကြား ပိတ်မှုကြောင့် အာရှနိုင်ငံတွေက အဓိက ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေဟာ ဟော်မုဇ်ရေလက်ကြားက ဖြတ်သန်းတဲ့ သင်္ဘောတွေဆီက ဆီနဲ့ ဓာတ်ငွေ့အပေါ် ၉၀ ရာခိုင်နှုန်းနီးပါး မှီခိုနေရတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံနဲ့ ဆွေးနွေးခဲ့တဲ့ နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဖြစ်ပြီး နိုင်ငံရဲ့ အရင်းအမြစ်အလိုက် ထောက်ပံ့ကြေးရရှိမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဘက်က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဂျပန်ဘဏ်နဲ့ နီပွန် အာမခံ၊ ဂျပန် နိုင်ငံတကာကော်ပိုရေးရင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့လို အစိုးရရဲ့ ကျောထောက်နောက်ခံ လုပ်ငန်းတွေ ပါဝင်ပါတယ်။
ဂျပန်နိုင်ငံဟာ ပြည်တွင်းလောင်စာ အသုံးပြုမှုအတွက် အရန်ဆီသိုလောင်မှုတွေက ရက်ပေါင်း ၂၅၄ ရက်အထိ လုံလောက်တဲ့ပမာဏ ရှိတယ်လို့ တာကာအိချိက ဆိုပါတယ်။
လက်ရှိ ကမ္ဘာ့စွမ်းအင်အကျပ်အတည်းက အရန်ဆီထုတ်သုံးရတဲ့ အခြေအနေကို ရောက်နေပြီး ဂျပန်နိုင်ငံက အရန်ဆီထဲကနေ ရက် ၅၀ စာ စံချိန်တင် ထုတ်ယူသုံးစွဲနေရတာ ဖြစ်ပါတယ်။
လာမဲ့ မေလဆန်းမှာ ရက် ၂၀ စာ ထပ်မံထုတ်သုံးမယ်လို့ ဂျပန်က ကြေညာထားပါတယ်။
လောင်စာဆီ ပြတ်လပ်မှုတွေကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆီဈေးတွေတက်နေပြီး ကားအသုံးပြုမှုကို စုပေါင်းသုံးဖို့၊ ကားသုံးချိန် စွမ်းအင်ချွေတာတဲ့အနေနဲ့ အဲကွန်းဖွင့်တာတွေ မလုပ်ဖို့ အစိုးရတွေက တိုက်တွန်းထားပါတယ်။
စွမ်းအင်အခက်အခဲဖြစ်နေချိန် ဖိလစ်ပိုင်နိုင်ငံဟာ အမျိုးသားစွမ်းအင် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။
Source: Reuters










