
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သာဝတ္ထိရွာကို ဇူလိုင် ၉ ရက် မနက် ၁၁ နာရီခွဲမှာ စစ်အာဏာရှင်တပ်က အသေခံဒရုန်းတစီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါဒရုန်းယာဉ်ဟာ စစ်တပ်ရဲ့ ရွှေဘို လေ့ကျင့်ရေးအမှတ် ၈ က တက်လာပြီး တိုက်ခိုက်သွားတာလို့ စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။
ဒေသခံရွာသူတယောက်က “အကြောင်းမဲ့ကို လာတိုက်ခိုက်တာ။ သူတို့ တည်နေရာမှားပြီး ချတာလား၊ လက်တည့်စမ်းတာလားတော့ မသိဘူး။ မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘူး။ ဒရုန်းကျတာက ရွာတောင်ပိုင်းက ဦးမြင့်မိုးရဲ့အိမ်ရှေ့ မန်ကျည်းပင်အနီးကို ကျရောက်ပေါက်ကွဲတာ။ အထိအခိုက် ၅ ဦးရှိတယ်။ ကျောတို့၊ လက်တို့၊ ပေါင်တို့၊ လည်ပင်းတို့မှာ တဦးစီ ဒဏ်ရာတွေ ရရှိခဲ့တယ်။ အသက်အန္တရာယ်အတွက်တော့ သိပ်မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
သာဝတ္ထိရွာဟာ ခင်ဦးနယ် အနောက်မြောက်ခြမ်းမှာရှိပြီး အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ရွာကြီးတရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ်နေ တော်လှန်ရေးရဲဘော်တယောက်က “အသေခံဒရုန်းနဲ့ လာတိုက်ခိုက်တာလို့ ပြောရမယ်။ လူ ၅ ယောက် ထိခိုက်တာအပြင် လူနေအိမ်တွေလည်း အမိုးပေါက်ပြဲတာတွေလည်း ရှိတယ်။ ဒါကြီးက သက်သက်မဲ့ကို လုပ်တာ။ ပြည်သူတွေအနေနဲ့လည်း ဒီထက်မက စစ်တပ်ရန်ကို သတိကြီးကြီးထားကြဖို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။
သာဝတ္ထိရွာဟာ ရွှေဘိုမြို့နဲ့ ခန့်မှန်း ၁၅ မိုင်လောက်သာကွာဝေးပြီး ဒေသခံအများစုကတော့ လယ်ယာသီးနှံကို စိုက်ပျိုးစားသောက်နေကြတဲ့ သာမာန်အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။










