DVB Logo
Home
မြန်မာသတင်း
ကြူကုတ် (ပန်ဆိုင်း) တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦးကျ၊ အနည်းဆုံး ၆ ဦး ဒဏ်ရာရ
DVB
·
August 31, 2021
ကြူကုတ် (ပန်ဆိုင်း) တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦးကျ၊ အနည်းဆုံး ၆ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) နားက ဩဂုတ် ၃၀ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး အနည်းဆုံး ၆ ဦး ဒဏ်ရာရတယ်လို့ ကိုးကန့်သတင်းနဲ့ ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

"စစ်ကောင်စီဘက် ၁၅ ယောက်ကျ၊  အနည်းဆုံး ၆ ထိခိုက်တယ်။ MNDAA ဘက် ထိခိုက်မှု  မရှိဘူး။ လက်ရှိမှာ စစ်ကောင်စီဟာ မုံးကိုးဒေသအခြေစိုက် MNDAA တပ်ဖွဲ့ရဲ့အခြေ စိုက်စခန်းတွေကို ထိုးစစ်ဆင်ဖို့ စစ်အင်အား ဖြည့်တင်းနေတယ်။" 

ကြူကုတ် (ပန်ဆိုင်း) နား ဩဂုတ် ၃၀ ရက်နေ့က မနက် ၁၀ နာရီလောက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ညနေ ၆ နာရီထိ ပစ်လိုက်၊ နားလိုက် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အများအပြား သေဆုံးတယ်လို့ ပန်ဆိုင်းဒေသခံတစ်ဦးက ပြောပါတယ်။ 

“စစ်ကောင်စီဘက်က သေတယ်။ အများကြီး။ ၁၀ ယောက် ကျော်တယ်။ ဈေးသွားပြီး ပြန်လာလို့ မရလို့ သေနတ်သံ ငြိမ်ပြီး ပြန်လာတော့ အလောင်းရေပြီးမှ ပြန်လာတယ်။ အဲဒီမှာ အလောင်းတွေ ပုံနေတယ်။ ပန်ဆိုင်းအကျော် ဖိုင်ကောင်း သွားတဲ့ လမ်းမှာ။ အဲမှာ အလောင်းစောင့်တဲ့ စစ်ကောင်စီ စစ်သား နှစ်ယောက်လောက် ရှိသေးတယ်။” 

ဩဂုတ်လ ၂၈ နဲ့ ၂၉ ရက်တွေက မုံးကိုးတိုက်ပွဲမှာ စစ်ကောင်စီက အကျအဆုံးရှိလို့ စစ်ကောင်စီဘက်က အင်အားဖြည့် စစ်ကူတက်လာတဲ့ စကခ ၁၇ ခမရ ၅၇၅ မှတပ်သား ၄၀ ကျော်ကို MNDAA ၅၁၁ တပ်မဟာမှ တပ်ဖွဲ့တစ်ဖွဲ့ ပန်ဆိုင်းကနေ မုံးကိုး အတက်လမ်းမှာ ပိတ်ဆို့ တိုက်ခိုက်ရာ နမ့်ဟူးရွာအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်နာရီကြာတိုက်ပွဲ ပြင်းထန်ခဲ့ကာ လက်နက် အများအပြား သိမ်းရတယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။

ဩဂုတ် ၃၀ ရက်နေ့က ပန်ဆိုင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဆီကနေ MA1 ရိုင်ဖယ် ၅ လက်၊ MA3 ရိုင်ဖယ် ၂ လက်၊ MA4 ရိုင်ဖယ် ၂ လက်၊ ရိုင်ဖယ်ကျည် ၄၅၀၀၊ MG3 ကျည်အတောင့် ၃၀၀၊ ကျည် ၅ လုံး၊ မော်တာကျည် ၁၈ လုံး၊ လက်ပစ်ဗုံး ၂၆ လုံး၊ လက်ပစ်ဗုံး ၁၂ လုံးနှင့်မြေမြှုပ်မိုင်း ၁၂ လုံး၊ တစ်လုံး၊ လက်ပစ်ဗုံး ၂၂ လုံး၊ MA2 အပေါ့စားစက်သေနတ် ၃ စင်း၊ ကျောပိုးအိတ်အကြီး ၂၀၊ ကျည်အိတ် ၁၆ လုံး၊ လက်ကိုင်ဖုန်း ၃ လုံး၊ walkie-talkies ၉ လုံး၊ ဆိုလာပြား ၂ ခုနဲ့ အခြားပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၃၁ ရက်‌‌နေ့မှာလည်း မုံးကိုး နော့ဂူနားက မန်မောဝ်ဘက်မှာ စစ်ကောင်စီနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ မုံးကိုး ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လက်နက်ကြီးထိမှန် သေဆုံးတဲ့ အရပ်သားပြည်သူ ဩဂုတ်လ ၂၉ ရက်နေ့က မုံးကိုး နမ့်ဟာရွာမှာ ၄ ဦး၊ ဩဂုတ်လ ၃၀ ရက်နေ့က ကြူကုတ် (ပန်ဆိုင်း) နားက တိုက်ပွဲမှာ ၂ ဦး စုစုပေါင်း ၆ ဦးရှိပြီ ဖြစ်ပါတယ်။ 

မုံးကိုးမြို့နယ်မှာ ဇွန်‌ေဆန်းပိုင်းကစ လက်ရှိထိ စစ်ကောင်စီနဲ့ MNDAA တို့ အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်‌ရှောင်ပြည်သူ ဖောင်းဆိုင်ဘက်မှာ ၁၉၀ ကျော်၊ မုံးကိုးမြို့မှာ ၆၀၀ ဝန်းကျင်နဲ့ ကြူကုတ် (ပန်ဆိုင်း) ဘက်မှာ ၁၄၀၀ ကျော်ရှိပြီး လက်ရှိရှောင်တိမ်း လာနေဆဲနဲ့ ရှောင်တိမ်းဖို့ပြင်ဆင်နေတဲ့ ပြည်သူတွေလည်း ရှိနေပါတယ်။

Photo Crd -  ကိုးကန့် သတင်းဌာန

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013