DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းကာလ ၇ လအကြာ စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၁၀၃၈ ဦးရှိလာ
DVB
·
August 31, 2021
စစ်အာဏာသိမ်းကာလ ၇ လအကြာ စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၁၀၃၈ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လအကြာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၃၈ ယောက်ထိ ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၆၆၀ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၀၃၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကတည်းက ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ တောင်ကြီးမြို့မှ ကိုမျိုးမင်းသန့်(ခ)သားငယ်ဟာ ထောင်တွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာကြောင့် စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ဩဂုတ် ၂၉ ရက်နေ့က ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာနားမှာ အခြေစိုက်တဲ့ ခလရ ၅၈ တပ်ရင်းမှ တပ်သားတွေဟာ မဒိန်ကျေးရွာသား ဦးလုံဘန်ခေါဇုံးကို ဩဂုတ် ၂၇ ရက်နေ့ ညအချိန်က ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဦးလုံဘန်ခေါဇုံးဟာ မဒိန် ကျေးရွာအထွက် လယ်တောကိုသွားရာကနေ အိမ်ကို ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာကို ဩဂုတ် ၂၆ ရက်၊ မနက် ၃ နာရီကတည်းက အကြမ်းဖက်စစ်အုပ်စုတပ်တွေ ဝင်ရောက်စီးနင်းတပ်စွဲထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံရွာသားတွေကို တောနင်းရှာဖွေကာ လိုက်လံပစ်ခတ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

ဩဂုတ် ၂၇ ရက်နေ့မှာတော့ တိမ်းရှောင်ရင်း ကျေးရွာအနောက်ဘက် တဲအတွင်း ထမင်းစားနေတဲ့ မောင်နှမ ၂ ယောက်ဟာ စစ်သားတွေနဲ့တွေ့ပြီး ကြောက်လန့်ကာ ထွက်ပြေးရာမှ ပစ်ခတ်ခံခဲ့ရပြီး အစ်ကိုဖြစ်သူ ကိုမိုးဆွေဦးမှာ ဝမ်းဗိုက်ကို ကျည်ထိမှန်ကျဆုံးသွားခဲ့ပြီး နှမဖြစ်သူမှာ လက်မောင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုတပ်တွေဟာ ကပေါင်းကျကျေးရွာအတွင်း စီးနင်းဝင်ရောက်ပြီး ဖမ်းဆီးခံခဲ့တဲ့ ကိုဇော်မင်းလေးနဲ့ ကိုဟိန်းဇာ၊ နောက်တရက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုကျော်နိုင်လင်း(ခ)ဂျပန်၊ ကိုဖိုးကြီးနဲ့ ကိုပူစီတို့ကို သတ်ဖြတ်ခဲ့ကြပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို ကျေးရွာသင်္ချိုင်းမှာ ဒေသခံတွေက တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်၊ မုံးကိုးမြို့နယ်မှာ  ဩဂုတ် ၂၉ ရက်မနက်ပိုင်းက အကြမ်းဖက်စစ်အုပ် စုတပ်တွေ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ နမ့်ဟာကျေးရွာ အတွင်းရှိ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံ ၄ ယောက်ဖြစ်ကြတဲ့ အ သက် ၃၂ နှစ်အရွယ် အိုက်အူး၊ အသက် ၁၀ နှစ်အရွယ် မောင်အောင်ခိုင်၊ အသက် ၆၃ နှစ်အရွယ် ဒေါ်အီမောန်းနဲ့ အသက် ၈၂ နှစ်အရွယ် ဒေါ်အီမိုးတို့ကို ထိမှန်ကာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013