မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ရွှေအောင်ကို ကျည် ၃ တောင့်၊ ဗုံးသီး တစ်လုံးနဲ့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဩဂုတ် ၃၀ ရက်နေ့ ညပိုင်းမှာ သတိပေးစာ ပေးပို့လိုက်ပါတယ်။
သထုံ PDF ရဲ့ သတိပေးစာမှာတော့ ဦးအောင်ညွန့်ရဲ့သား သက်ရွှေအောင်အနေနဲ့ လမင်းလို ဇာတ်သိမ်းချင်ရင် လမင်းလမ်းစဉ်လျှောက်ပါနဲ့ ကြိုက်တဲ့ ကျည် ရွေးဖို့ သတိပေးထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူတွေကို အနှောင့်အယှက်ပေးနေတဲ့ ဦးသက်ရွှေအောင်နဲ့ အပေါင်းအပါတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ကြဖို့ သတိပေးထားပါတယ်။
ဦးသက်ရွှေအောင်ဟာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်း ပစ်သတ်ခံရပြီးနောက် ဒူးရင်းဆိပ်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးလုပ်ဖို့ စစ်ကောင်စီက အစားထိုး ခန့်အပ်ထားသူ ဖြစ်ပါတယ်။
သထုံမြို့နယ် ဒူးရင်းဆိပ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ ရွာသားတွေကို ခြိမ်းခြောက် အကြပ်ကိုင်နေတဲ့အတွက်ကြောင့် မွန်-သထုံ အထူးကာကွယ်ရေးအဖွဲ့က သုတ်သင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။