
ဗြိတိန်မှာ လူသတ်မှုကျူးလွန်ဖို့ ပူးပေါင်းကြံစည်ခဲ့မှုနဲ့ နော်ဝေ ဆယ်ကျော်သက်တယောက်ကို ဇူလိုင် ၂၉ ရက်က ပြစ်ဒဏ်ချမှတ်လိုက်ပြီး အဲဒီလူငယ်ဟာ ဆွီဒင် ဒုစရိုက်ဂိုဏ်းတခုရဲ့ စည်းရုံးမှုကို ခံခဲ့ရပြီးတော့ အဲဒီဂိုဏ်းရဲ့ နောက်ကွယ်မှာ အီရန်အစိုးရက ခိုင်းစေနေတယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။
လက်ရှိ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ယိုဟန်းနက်စ် နက်တ်လန်းဟာ မနှစ် မတ်လအတွင်းက အင်္ဂလန်မြောက်ပိုင်း၊ ဟဒ်ဒါစ်ဖီးလ်ဒ်မြို့ရှိ ဟိုတယ်ခန်းတခုမှာ သေနတ်နှစ်လက်၊ ကျည်ဆန်တွေနဲ့ အတူ ဖမ်းဆီးခံခဲ့ရတာပါ။
ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ ပိတ်ဆို့အရေးယူခြင်း ခံထားရတဲ့ ဖောက်ခ်စ် ထရော့ထ် ကွန်ရက်ဆိုတဲ့ ဆွီဒင်ဒုစရိုက်ဂိုဏ်းဟာ အီရန်နိုင်ငံက အသုံးချနေတဲ့ အဖွဲ့ဖြစ်ပြီး နက်တ်လန်းကိုလည်း အဲဒီဂိုဏ်း ကပဲ စည်းရုံးသိမ်းသွင်းခဲ့တာဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
Source: Reuters










