DVB Logo
Home
မြန်မာသတင်း
ပထုန်ဌာနီတွင် ဝိုင်းဖွဲ့ဂစ်တာတီးနေသည့် မြန်မာလုပ်သားများ သေနတ်ပစ်ခံရ၊ ၄ ဦး ဒဏ်ရာရ 
DVB
·
August 5, 2026
Photo: thairegionnews
Photo: thairegionnews
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီး၊ ပထုန်ဌာနီခရိုင်မှာ ဝိုင်းဖွဲ့အရက်သောက် ဂီတာတီးပြီး ပျော်ပါးနေတဲ့ မြန်မာအလုပ်သမားတွေ သေနတ်ပစ်ခံရပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဩဂုတ် ၂ ရက် ည ၁၁ နာရီခွဲလောက်က ပထုန်ဌာနီခရိုင်၊ ခလောင်းလုံမြို့၊ ခလောင်းနိန်ရပ်ကွက် နဝနခွန်းလမ်းသွယ်ထဲမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းရလို့ သွား‌ရောက်စစ်ဆေးခဲ့တယ်လို့ ခလောင်းလုံနယ်မြေရဲစခန်းတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာဟာ အငှားတိုက်ခန်းရှေ့မှာဖြစ်ပြီး အနီးနားမှာ ဘီယာပုလင်းခွံနဲ့ ကျည်ခွံတွေ ပြန့်ကျဲနေတယ်၊ ကျည်ခွံတွေ လိုက်ကောက်တာမှာ ၉ မမ အမျိုးအစား ၁၁ ခု တွေ့ရှိတယ်။ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံပို့ပေးခဲ့ပါတယ်။ 

မျက်မြင်သက်သေ မြန်မာအလုပ်သမားတယောက်ရဲ့ ပြောပြချက်အရ ဒီမတိုင်ခင်ရှေ့က မြန်မာအလုပ်သမားတွေ ၇-၈ ယောက်လောက် ဝိုင်းဖွဲ့ပြီး အရက်သောက် ဂီတာတီး သီချင်းဆိုနေကြတယ်။ ထိုစဉ် ထိုင်းတယောက်က ဝင်လာပြီး အသံဆူညံတယ်လို့ ပြောပြီးတော့ သေနတ်နဲ့ ၄-၅ ချက် ပစ်တယ်၊ အားလုံး ကစဉ့်ကလျား ထွက်ပြေးခဲ့ကြပေမဲ့ မြန်မာအလုပ်သမား ၃ ယောက်နဲ့ ထိုင်း ၁ ယောက် ကျည်ထိဒဏ်ရာရသွားတယ်၊ သေနတ်သမားလည်း ပြန်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ 

အဆောင်ပိုင်ရှင်အမျိုးသမီးကလည်း “သူတို့က မြန်မာအလုပ်သမားတွေပါ။ သူတို့ အလုပ်ရှင်က အဲဒီအခန်းမှာ နေဖို့ လာငှားပေးထားတာ။ သူတို့က ညဆို ဝိုင်းဖွဲ့အရက်သောက် သီချင်းဆိုလေ့ရှိတယ်။ အဲဒီလို ဆူဆူညံညံ မလုပ်ရဘူးလို့ သတိပေးထားပေမဲ့ နားမထောင်ဘူး” လို့ ရဲကို ပြောပါတယ်။ 

တာဝန်ရှိသူတွေက စီစီကင်မရာပြန်စစ်ဆေးပြီး သေနတ်သမားကို လိုက်လံစုံစမ်းရာမှာ ဩဂုတ် ၃ ရက်က အယုဒ္ဓယခရိုင် အူထိုင်းမြို့ရှိ ဟိုတယ်တခုမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ အသက် ၃၃ နှစ်ရွယ် နိုင်းတရိုင်းလတ် ခေါ်  မိုက် ဆိုသူကို  သေနတ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်၊ ဒါ့အပြင် တူဖြစ်သူ မိုက် ဘက်ကနေ ပါဝင်ပစ်ကူပေးခဲ့တဲ့ ဦးလေးဖြစ်သူ နိုင်းဖွန်းနုတ် (၆၁ နှစ်) ကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။ 

တရားခံ “မိုက်” က သူဟာ အဲဒီမြန်မာအလုပ်သမားတွေနေတဲ့ မျက်စောင်းထိုးတိုက်က ဖြစ်ကြောင်း၊ အဲဒီအလုပ်သမားတွေဟာ ဆူညံအသံပြုလေ့ရှိတယ်၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေတယ်၊ အဲဒီညမှာ သူက အသံမဆူညံဖို့ သွားပြောတာကို တဘက်က ဒီနေရာဟာ မြန်မာ့ပိုင်နက်ဖြစ်သွားပြီလို့ ပြောပြီး သူ့ကို စိန်ခေါ်တာကြောင့် သည်းမခံနိုင်ဘဲ ပစ်လိုက်တာလို့ ရဲစခန်းမှာ ဖွင့်ဟဝန်ခံသွားပါတယ်။ 

သူ့ရဲ့ ဦးလေးဖြစ်သူကလည်း တဘက်လူတွေက တူဖြစ်သူကို အနောက်က လိုက်ရိုက်တာကြောင့် သေနတ်နဲ့ ပစ်လိုက်ရတာလို့ ဝန်ခံသွားပါတယ်။ 

ရဲစခန်းက သူတို့ ၂ ယောက်ကို ခွင့်ပြုချက်မရဘဲ ရပ်ကွက်ထဲမှာ သေနတ်ကိုင်ဆောင်မှု၊ လူတွေကို ထိခိုက်နာကျင်အောင် တမင်ရည်ရွယ်ပစ်ခတ်မှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရသွားတဲ့ ထိုင်းလူငယ်တယောက်ကတော့ သက်သာလို့ ဆေးရုံက ဆင်းသွားပြီ။ သူ့မိခင်ကတော့ သားဖြစ်သူဟာ မြန်မာအရက်ဝိုင်းထဲမှာ မပါဘဲ ဈေးဆိုင်သွားဖို့ အဲဒီနားဖြတ်သွားစဉ် အချောင်အပစ်ခံလိုက်ရတာကြောင့် ပစ်ခတ်သူကို ရဲစခန်းမှာ တရားစွဲထားတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: CH7 News / CH8 TV News / Thairath 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013