ထိုင်းနိုင်ငံ ဘန်ကောက်၊ ဘန်ခွန်ထဲန်းနယ်မြေရှိ မြန်မာနိုင်ငံသားအများစုရှိရာ မွန်ကျောင်းတိုက်ကို ထိုင်းတာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးပြီး ဥပဒေနဲ့မညီညွတ်တဲ့ မြန်မာနိုင်ငံသား သံဃာ ၃ ပါး ကို ဖမ်းဆီး လူဝတ်လဲလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဘန်ကောက် ဘန်ခွန်ထဲန်းနယ်မြေ ဆမဲဒမ်ရပ်ကွက်ရှိ သုဓမ္မဝတီကျောင်းတိုက်မှာ နိုင်ငံခြားသားတွေ ဝင်ရောက်နေထိုင်ပြီး ရဟန်းခံ ၊ ပညာသင်ကြားတာတွေရှိနေကြောင်း ဒေသံတွေက တိုင်ကြားတာ ကြောင့် အမှတ် ၁ တိုင်းစစ်ဌာန ၊ နယ်မြေခံရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေးဌာန ၊ လဝကရဲ နဲ့ သာသနာရေး ဌာနက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၃ ရက် မနက် ၉ နာရီကျော်က အဆိုပါ ကျောင်းတိုက်ကို သွားရောက်စစ်ဆေးခဲ့တယ်။
စစ်ဆေးချက်အရ အဆိုပါကျောင်းတိုက်မှာ စာသင်နေကြတဲ့ ဘုန်းကြီး ၊ ဦးပဥ္စင်းနဲ့ ကိုရင် အပါအဝင် သံဃာအပါး ၅၀ နဲ့ အမျိုးသမီး / အမျိုးသား အယောက် ၃၀ တို့ကို တွေ့ရှိပြီး အများစုမှာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်တယ်လို့ ဆိုပါတယ်။
ဆက်လက် စစ်ဆေးရာမှာ အများစုက ထိုင်းမှာနေထိုင်ခွင့်အထောက်အထားတွေရှိတယ်၊ ဒါပေမဲ့ သံဃာ ၁ ပါးမှာ နေထိုင်ခွင့်ဗီဇာ သက်တန်းလွန် ( အိုဗာစတေး ) ဖြစ်နေပြီး ၂ ပါးမှာ ထိုင်းမှာ နေထိုင်ခွင့် အထောက်အထားတစုံတရာမရှိဘူး။ ဒါကြောင့် နိုင်ငံထဲ တရားမဝင် ဝင်ရောက် နေထိုင်မှု နဲ့ အရေးယူဖို့ လူဝတ်လဲပြီး ထာ့ခမ်နယ်မြေရဲစခန်းသို့ ပို့ဆောင်ထားတယ်။
ဒါ့အပြင် ၅ ယောက်မှာ အထောက်အားပြည့်စုံပေမဲ့ မှတ်ပုံတင်မှာ မကြာသေးခင်က ပန်းရောင် ကတ်အတုတွေ ဖမ်းဆီးရမိတဲ့ ဘန်ကောက်ဒင်ဒဲန်းနယ်မြေ အိမ်ထောင်စုဇယားထဲ ပါဝင်နေတာ ကြောင့် သူတို့စာရွက်စာတမ်းတွေ ဆက်လက်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ဒီလိုစစ်ဆေးရတဲ့ ရည်ရွယ်ချက်ဟာ ကျောင်းတိုက်တွေမှာ လာရောက် သီတင်းသုံး၊ ပညာသင်ယူ နေတဲ့ နိုင်ငံခြားသားတွေရဲ့ အချက်အလက်အမှန်ကို သိရှိဖို့၊ တရားဝင်အခြေအနေတွေကို အတည်ပြုဖို့ဖြစ်တယ်၊ ဥပဒေချိုးဖောက်မှုတွေလည်း ဆက်လက်စုံစမ်း စစ်ဆေးသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ပြီးခဲ့တဲ့လကုန်ပိုင်း ပြဋ္ဌာန်း လိုက်တဲ့ ဥပဒေအရ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသား တွေဟာ ပြည်နှင်ဒဏ်ပေးခံရမယ်လို့ သတ်မှတ်ထားပါတယ်။
Source: CH7 TV News / TOP News











