DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် ထိုင်းစွမ်းအင်ကုမ္ပဏီများအား စုံစမ်းအရေးယူရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို တိုက်တွန်း
DVB
·
May 29, 2026
Photo: Blood Money Campaign
Photo: Blood Money Campaign
Donate to DVB

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွှယ်တဲ့ ထိုင်းစွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ PTT၊ PTTEP နဲ့ Northern Gulf Petroleum တို့အပေါ် စုံစမ်းစစ်ဆေးဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို တောင်းဆိုလိုက်တဲ့အကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ Blood Money Campaign က မေ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Blood Money Campaign (Myanmar/Burma) နဲ့ Campaign for a New Myanmar အဖွဲ့တို့ဟာ မေ ၂၅ ရက်မှာ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆီ တရားဝင်တိုင်ကြားစာ တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံအတွင်း ထိုင်းရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် လူ့အခွင့်အရေးထိခိုက်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဆိုပါကုမ္ပဏီတွေက ရရှိတဲ့ ဝင်ငွေတွေက စစ်အာဏာရှင်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေက်မှုတွေနဲ့ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်စွမ်းကို အားပေးထောက်ပံ့နေသလို ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ နိုင်ငံစုံကုမ္ပဏီများဆိုင်ရာ လမ်းညွှန်ချက်တွေကို ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားမဝင် မြန်မာစစ်အုပ်စုဟာ မြန်မာပြည်သူတွေအပေါ် လက်နက်အင်အား အသုံးပြုကာ အာဏာဆက်လက် လုယူထားဆဲဖြစ်သလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၉၃,၀၀၀ နီးပါး သေဆုံးခဲ့ပြီး လူပေါင်း ၂၀,၀၀၀ ကျော်ကို မတရား ဖမ်းဆီးထိန်းသိမ်းခဲ့ကာ လေကြောင်းတိုက်ခိုက်မှု ၇,၂၀၁ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၄,၄၉၆ ယောက် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရတနာ၊ ဇောတိကနဲ့ ရဲတံခွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းတဲ့ တနင်္သာရီ တိုင်းဒေသကြီးမှာလည်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့ပြီး လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ သတ်ဖြတ်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ပိုင်ဆိုင်မှုဖျက်ဆီးမှုတွေ အပါအဝင် ကျယ်ပြန့်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းကုမ္ပဏီတွေဖြစ်တဲ့ PTT၊ PTTEP နဲ့ Northern Gulf Petroleum တို့ဟာ မြန်မာစစ်အုပ်စုအတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေဖန်တီးပေးနေပြီး ဒါက  စစ်အုပ်စုရဲ့ အကြီးဆုံး တရားဝင်နိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်သလို မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အထောက်အပံ့ဖြစ်နေစေတယ်လို့လည်း ဆိုပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့မှ မူလန်းက “ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီ၊ သူ့ရဲ့ လက်အောက်ခံ PTTEP နဲ့ ထိုင်းပုဂ္ဂလိကပိုင် Northern Gulf Petroleum တို့ဟာ မြန်မာစစ်အုပ်စုရဲ့ ဆက်လက်ကျူးလွန်နေတဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆောင်ရွက်နိုင်ဖို့ လစဉ် ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ ပေးချေ ထောက်ပံ့နေတာပါ။ ဒါဟာ စစ်အုပ်စုရဲ့ နေ့စဉ် အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေမှာ ငွေကြေးဆိုင်ရာ ပူးပေါင်းပါဝင်မှု ဖြစ်ပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းတလျှောက်က လူမှုအသိုက်အဝန်းတွေနဲ့ နိုင်ငံတဝန်းက အရပ်သား ပြည်သူတွေဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒီကုမ္ပဏီတွေက နိုင်ငံတကာ စီးပွားရေးနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို ချိုးဖောက်နေပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (OECD) ဝင်ရောက်ရေး ရည်မှန်းချက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ တောင်းဆိုတာက ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ထောက်ပံ့နေတဲ့ ငွေပေးချေမှုတွေကို ရပ်တန့်ပေးဖို့ပါ” လို့ ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာနေချိန်မှာ PTTEP က ရတနာနဲ့ ဇောတိက စီမံကိန်းတွေမှာ ထုတ်လုပ်မှုတိုးမြှင့်ဖို့၊ အောင်သိင်္ခ စီမံကိန်းအသစ်ကို စတင်နိုင်ဖို့ စစ်အုပ်စုနဲ့ ညှိနှိုင်းနေပြီး စစ်အုပ်စုအနေနဲ့လည်း အရေးယူပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်စေဖို့ ကူညီပေးနေတယ်လို့ ဆိုပါတယ်။

အလားတူ Northern Gulf Petroleum ရဲ့ လက်အောက်ခံ Gulf Petroleum Myanmar ဟာလည်း မကြာသေးခင်က မင်းရဲသူ စီမံကိန်းအတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

Campaign for a New Myanmar (CNM) ရဲ့ အကြီးတန်းမူဝါဒဆိုင်ရာ အကြံပေးတယောက် ဖြစ်တဲ့ ခီးလ်ဒီယက်ထ်ဇ် ကတော့ “စစ်အုပ်စုဟာ မြန်မာပြည်သူတွေအပေါ်  အကြမ်းဖက် စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ အသုံးပြုနေတဲ့ လက်နက်တွေ ဝယ်ယူသုံးစွဲဖို့နဲ့ စစ်တပ်အတွက် ခိုင်မာတဲ့ နိုင်ငံခြားငွေ လိုအပ်နေပါတယ်။ PTT, PTTEP နဲ့ NGP တို့အနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေက စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ငွေကြေးမထောက်ပံ့မိအောင် တတ်နိုင်သမျှ လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ရပါမယ်။ မြန်မာနိုင်ငံရဲ့ ဓာတ်ငွေ့မြေများမှ ရရှိတဲ့ ဝင်ငွေတွေဟာ အာဏာရှင်စစ်အုပ်စု ပိုင်တာမဟုတ်ဘဲ ပြည်သူတွေပိုင်ဆိုင်တဲ့ဝင်ငွေ ဖြစ်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေဟာ အဲဒီငွေတွေကို မြန်မာပြည်သူတွေရဲ့ အနာဂတ် ဒီမိုကရက်တစ် အစိုးရအတွက် အက်စခရိုအကောင့် (စစ်အုပ်စု ထုတ်ယူသုံးစွဲလို့ မရသည့် အကောင့်) ထဲ ထည့်ထားရပါမယ်” လို့ ပြောလိုက်ပါတယ်။

လတ်တလော တိုင်ကြားစာမှာတော့ ထိုင်းလူ့အခွင့်အရေးကော်မရှင်အနေနဲ့ တရားဝင် စုံစမ်းစစ်ဆေးပြီး ထိခိုက်နစ်နာခံရသူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဆီက အထောက်အထားတွေ စုဆောင်းကာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရုံး (OHCHR) တို့ရဲ့ အကြံပြုချက်တွေ (အထူးသဖြင့် မြန်မာ့ သဘာဝဓာတ်ငွေ့ ဝင်ငွေတွေအပေါ် ပစ်မှတ်ထား အရေးယူမှုတွေ အပါအဝင်) ကို ထည့်သွင်းစဉ်းစားဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013