
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနဲ့ လေရှီးမြို့နယ်အစပ်က မွန်နွေးရွာကို အိန္ဒိယနိုင်ငံ နာဂလဲန်းပြည်နယ်မှာ အခြေချတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကလာရောက် မီးရှို့ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၁၂ ရက်နေ့ မွန်းလွဲ ၄ နာရီလောက်မှာ ကူကီးလူမျိုးတွေနေထိုင်တဲ့ မွန်နွေးကျေးရွာကို နာဂလဲန်း ပြည်နယ်မှာ အခြေချတဲ့ NSCN - IM (EF) နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီအဖွဲ့က မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
လေရှီးဒေသခံ တယောက်က “အိန္ဒိယ နယ်ဘက်မှာ နာဂ နဲ့ ကူကီးပြဿနာရှိတယ်။ ဒါကြောင့် နယ်စပ်နဲ့ နီးတဲ့ ကူကီးရွာကို လူမျိုးရေး အမုန်းပွားမှုကြောင့် လာရှို့တယ်လို့ မြင်ပါတယ်။ သံခွန်နာဂ NSCN-IM လုပ်ရပ်က အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်၊ အိန္ဒိယဘက်မှာ ဖြစ်တဲ့ ပြဿနာကို ဒီဘက် ကို ကူးစက်လာတာပေါ့” လို့ ပြောပါတယ်။
အဲ့ဒီ မွန်နွေးကျေးရွာမှာ လူနေအိမ်ခြေ ၂၀ ဝန်းကျင်ရှိပြီး မီးရှို့ခံရမှုကြောင့် နေအိမ် ၁၃ လုံး ဆုံးရှုံး ခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ၁၉၉၃ ခုနှစ်ကလည်း အိန္ဒိယ မဏိပူရ်ပြည်နယ်မှာ နာဂနဲ့ ကူကီး လူမျိုးရေးပြဿနာ ဖြစ်ခဲ့တုန်းက မွန်နွေးရွာဟောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် မွန်နွေးရွာသစ်ကို တည်ထောင်ပြီး နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။










