DVB Logo
Home
Lead Story
ကုလသမဂ္ဂက မြန်မာ့ Credential အလားအလာ
DVB
·
August 27, 2021
ကုလသမဂ္ဂက မြန်မာ့ Credential အလားအလာ
Donate to DVB

လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရော စစ်ကောင်စီအစိုးရကပါ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ရန် အပြိုင်ကြိုးပမ်းလျက်ရှိသည်။ ကုလသမဂ္ဂ၏ အဖွဲ့ဝင်ကိုးနိုင်ငံပါဝင်သော Credential Committee က မကြာမီ စက်တင်ဘာလလယ်၌ ကျင်းပမည့် အ‌ထွေထွေညီလာခံတွင် အဆိုပါကိစ္စကို သုံးသပ်မည် ဖြစ်သည်။ ပုံမှန်အားဖြင့် ကော်မတီသည် ကုလသမဂ္ဂအဖွဲ့နိုင်ငံများမှ တင်ပြလာသော ကိုယ်စားလှယ်ခန့်အပ်လွှာများကို သုံးသပ်ပြီး၊ ထိုခန့်အပ်လွှာများအား လက်ခံသင့် မသင့်ကို အကြံပြုချက်များနှင့်အတူ အထွေထွေညီလာခံသို့ အစီရင်ခံတင်ပြရသည်။ ထို့နောက် အထွေထွေညီလာခံက အတည်ပြုဆုံးဖြတ်ရသည်။

ဦးကျော်မိုးထွန်းသည် ၂၀၂၀ မှ လက်ရှိအချိန်အထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ သူသည် ဖေဖော်ဝါရီ  ၂၆ နေ့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဖေဖော်ဝါရီ  ၁ ရက် စစ်အာဏာသိမ်းမှုကို အသိအမှတ်မပြုရန် ကမ္ဘာ့နိုင်ငံများသို့ တောင်းဆိုပြီးနောက် NUG အစိုးရအဖွဲ့နှင့် ပူးပေါင်းခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ထို့အတွက်‌ကြောင့် စစ်အာဏာသိမ်းအုပ်စုသည် ဦးကျော်မိုးထွန်းနေရာတွင် အခြားသူဖြင့်အစားထိုးရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိ၏။  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏‌ မေလအစည်းအဝေး၊ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) ၏ ဇွန်လအစည်းအဝေးများတွင်တော့ NUG ကိုရော စစ်အုပ်စုကိုပါ တက်ရောက်ခွင့် မပြုခဲ့ပေ။ အဆိုပါ အဖွဲ့အစည်းကြီးနှစ်ခုစလုံးသည် NUG ကရော စစ်အုပ်စုကပါ ပေးပို့လာသည့် ကိုယ်စားလှယ် ခန့်အပ်လွှာများကို ရရှိခဲ့သည့်တိုင်၊ ကိုယ်စားပြုခွင့်နှင့်ပတ်သတ်ပြီး ကုလအထွေ‌ထွေညီလာခံ ကျင်းပမည့်အချိန်အထိ ရွှေ့ဆိုင်းထားသည်ကိုတွေ့ရှိရသည်။ နိုင်ငံတကာရာဇဝတ်တရားရုံး (ICJ) ကိစ္စတွင်လည်း လတ်တလော၌ ထိုသို့ပြုလုပ်ဖွယ်ပင် ရှိသည်။ 

Credential လုပ်ငန်းစဉ်

လက်ရှိ မြန်မာ့အရေးကိစ္စများစွာအနက် Credential နှင့်ပတ်သက်၍ ကုလသမဂ္ဂတွင် NUG နှင့် စစ်အုပ်စုကြား ယှဥ်ပြိုင်  အငြင်းပွားခြင်းသည်လည်း အရေးကြီးနေသည်။ ထိုပြဿနာဖြေရှင်းရန်အတွက် ကုလသမဂ္ဂတွင် ပုံမှန်လုပ်ငန်းစဥ်နှင့် ပုံမှန်ထက်ပိုမြန်သောလုပ်ငန်းစဥ်ဟူ၍ နှစ်မျိုးရှိသည်။ ပုံမှန်လုပ်ငန်းစဥ်တွင် Credential committee မှ အထွေထွေညီလာခံသို့ အစီရင်ခံတင်သွင်းခြင်းသည် ရက်သတ္တပတ် ၁၀ ပတ်မှ ၁၂ ပတ်အထိ ကြာတတ်သည်။ ပုံမှန်ထက်ပိုမြန်သည့် လုပ်ငန်းစဥ်၌ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက Credential committee အား မြန်မြန်ဆန်ဆန် ဆုံးဖြတ်‌စေရန် အထွေထွေညီလာခံသို့  အမြန်ဆုံးအစီရင်ခံရန် တောင်းဆိုခြင်းမျိုးဖြစ်ရာ၊ ကော်မတီအနေဖြင့် ၎င်း၏အစီရင်ခံစာအား အချိန်ကာလသတ်မှတ်မထားသည့်တိုင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ပေးပို့ရမည်ဖြစ်သည်။ 

အစိုးရတစ်ရပ်ကို အခြားနိုင်ငံများက အသိအမှတ်ပြုမပြုကိစ္စမှာ ကော်မတီနှင့် မသက်ဆိုင်ပေ။  သို့သော်လည်း ယခုလို Credential ယှဥ်ပြိုင်သည့်ကိစ္စများ၊ အာဏာသိမ်းခံရ၍ဖြစ်စေ ပုန်ကန်သောင်းကျန်းမှုကြောင့်ဖြစ်စေ ဖြုတ်ချခံလိုက်ရသော အစိုးရတစ်ရပ်နှင့်ပတ်သက်သည့် ကိစ္စများ၌ ထိုကော်မတီသည် အရေးပါသောနိုင်ငံရေးနှင့် လက်‌တွေ့ကျသည့်ကိစ္စရပ်များကို ထည့်သွင်းစဥ်းစားရသည်။ ထို့အပြင် လက်ရှိအာဏာပိုင်များ၏ ထိရောက်စွာ ထိန်းချုပ်နိုင်မှု၊ ဒီမိုကရေစီနည်းကျတရားဝင်ရှိမှု၊ နိုင်ငံတကာဥပဒေလိုက်နာမှု တို့ကိုလည်း စဉ်းစားသည်။

အလားအလာများ 

မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်နှင့် ပတ်သက်လျှင် ဖြစ်နိုင်ခြေ လေးမျိုးရှိပါသည်။ 

ဖြစ်နိုင်ခြေ (၁)။  NUG ၏ ကိုယ်စားလှယ်ခန့်အပ်လွှာကို NUG ကို လက်ခံခြင်းသည် ပထမဖြစ်နိုင်‌ခြေဖြစ်သည်။ ၁၉၉၁ အောက်တိုဘာလတွင် ဟေတီနိုင်ငံ၌ စစ်အာဏာသိမ်းမှုတစ်ခုဖြစ်ပွားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍  ကုလအထွေထွေညီလာခံက "ဟေတီနိုင်ငံ၏ ဖွဲ့စည်းပုံနှင့်အညီတက်လာသော သမ္မတကို ဖြုတ်ချသည့် တရားမဝင်လုပ်ဆောင်မှုအဖြစ် ရှုတ်ချ‌ကာ၊ ထိုတရားမဝင်အခြေအနေမှ ထွက်ပေါ်လာသော မည်သည့်အဖွဲ့အစည်းကိုမဆို လက်မခံနိုင်ကြောင်း၊ ထို့အပြင်တရားဝင်အစိုးရအား ချက်ချင်းအာဏာပြန်လွှဲဖို့ တောင်းဆိုကြောင်း ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့သည်။ ၁၉၉၇ ခုနှစ် ဆီယာလီရွန်နိုင်ငံစစ်အာဏာသိမ်းမှု၊ ၂၀၀၉ ခုနှစ် ဟွန်ဒူးရပ်စ်နိုင်ငံ စစ်အာဏာသိမ်းမှုများတွင်လည်း စစ်အာဏာသိမ်းမှုများကိုရှုတ်ချကြောင်း၊ ဖွဲ့စည်းပုံ ဥပဒေနှင့်အညီ တက်လာသည့်အစိုးရအဖွဲ့ကိုသာ ခိုင်ခိုင်မာမာနှင့် ပြတ်ပြတ်သားသား အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ 

ဖြစ်နိုင်ခြေ(၂)။ ဒုတိယဖြစ်နိုင်‌ခြေသည် စစ်အုပ်စု၏ကိုယ်စားလှယ်ခန့်အပ်လွှာကို လက်ခံခြင်းဖြစ်သည်။ ထိုသို့လက်ခံစေရန် Credential committee မှ အကြံပြုတင်ပြရန်လိုအပ်သည်။ အထွေထွေညီလာခံကလည်း ထိုအကြံပြုချက်ကို အတည်ပြုလက်ခံရန် လိုအပ်သည်။ ယခုလို NUG အား တခဲနက်ထောက်ခံနေသည့် အခြေအနေမျိုးတွင် စစ်ကောင်စီကိုအသိအမှတ်ပြုဖို့ဆိုသည်မှာ အလားအလာနည်းသည်ဟု ဆိုရမည်။  

ဖြစ်နိုင်ခြေ (၃)။ တတိယဖြစ်နိုင်ခြေသည် နှစ်ဖက်လုံးက တင်လာသော ကိုယ်စားလှယ်ခန့်အပ်လွှာများအတွက် ဆုံးဖြတ်ခြင်းကို ရွှေ့ဆိုင်းထားပြီး၊ လက်ရှိတာဝန်ထမ်းဆောင်နေသူကိုပဲ ဆက်လက်အသိအမှတ်ပြုထားတာမျိုး ဖြစ်သည်။ ၁၉၉၇ တွင် အာဖဂန်နစ္စတန်မှ ကိုယ်စားလှယ်ခန့်အပ်လွှာများအား ဆုံးဖြတ်ခြင်း ရွှေ့ဆိုင်းထားရန်၊ အထွေထွေညီလာခံတွင် ဆက်လက်ပါဝင်နိုင်ဖို့ လက်ရှိတာဝန်ထမ်းဆောင်နေသော ကိုယ်စားလှယ်ကိုသာ တရားဝင်အသိအမှတ်ပြုထားရန် credential committee က အကြံပြုခဲ့သည်။ 

ဖြစ်နိုင်ခြေ (၄)။ အထွေထွေညီလာခံ၌ နိုင်ငံ့ကိုယ်စားပြုခွင့်ကို မည်သည့်ဘက်ကမှ မရရှိသည့်အပြင် နိုင်ငံ၏ကိုယ်စားပြုခွင့်နေရာပါ ဆုံးရှုံးသွားသည့်အထိ ရွှေ့ဆိုင်းခြင်းမျိုးဖြစ်သည်။ နေရာလွတ်သွားခြင်းဖြစ်သည်။ နေရာလွတ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအား ကုလသမဂ္ဂတွင် ပါဝင်ခွင့်မရအောင် ထုတ်ပယ်ထားခြင်းဖြစ်သည်။ သို့သော် ထိုလုပ်ရပ်သည် ကုလပဋိညာဉ်ကို ဆန့်ကျင်ဖွယ်ရာရှိသည်။ ၁၉၉၇ တွင် ကမ္ဘောဒီယားနိုင်ငံ၏ ကိုယ်စားပြုခန့်အပ်လွှာများကို ဆုံးဖြတ်ခြင်းအား ရွှေ့ဆိုင်းထားရန်၊ မည်သည့်အဖွဲ့မှ နိုင်ငံကိုယ်စားပြုခွင့်မရှိရန် Credential committee ၏ အကြံပြုချက်ကို အထွေထွေညီလာခံက အတည်ပြုခဲ့သည့်အမှု ရှိခဲ့သည်။

 နိဂုံး 

ဖြစ်နိုင်ခြေလေးမျိုးတွင် စစ်အုပ်စုအား အထွေထွေညီလာခံမှ လက်ခံလိုက်ပါက ထူးဆန်းဖွယ်ဖြစ်သွားပေမည်။ ထို့ပြင် နိုင်ငံကိုယ်စားပြုခွင့်နေရာမရှိ‌အောင် ဆောင်ရွက်မှုသည်လည်း ကုလသမဂ္ဂပဋိညာဥ်စာတမ်းကို ဆန့်ကျင်ရာရောက်ပေလိမ့်မည်။ ထို့ကြောင့် ဖြစ်နိုင်ခြေအရှိဆုံး အလားအလာနှစ်ခုမှာ NUG အားလက်ခံခြင်းနှင့် လက်ရှိ NUG နှင့် ပူး‌ပေါင်းနေသောကိုယ်စားလှယ်ကို ဆက်လက်အသိအမှတ်ပြုပြီး၊ Credential ဆုံးဖြတ်ခြင်းကို ရွှေ့ဆိုင်းထားခြင်းမျိုး ဖြစ်နိုင်ပေသည်။

အိမ်းထက်မွန်

ရည်ညွှန်း -SAC-M Briefing Paper: Myanmar’s representation in the United Nations

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013