
ထိုင်းနိုင်ငံ၊ ချာချိုးဆောင်းခရိုင်၊ ဖနွန်ဆာရာခမ်မြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၃ ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ကျူးလွန်ခဲ့သူ ထိုင်းနိုင်ငံသားက ဒါဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်းသာ ဖြစ်တယ်လို့ ထွက်ဆိုထားတဲ့အကြောင်း Khaosod သတင်းမှာ ဇွန် ၂၈ ရက်က ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ဇွန် ၂၇ ရက် ညနှောင်းပိုင်းက ရွာကင်းစောင့် စေတနာ့ဝန်ထမ်းတယောက်နဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေကြား ထိပ်တိုက်တွေ့ဆုံပြီး အချေအတင်ဖြစ်ပွားခဲ့ရာကနေ ခုလို ပစ်သတ်ခံခဲ့ရတာဖြစ်ကာ တခြားအမျိုးသားတယောက်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ အဲဒီနေ့ည ၁၁ နာရီခွဲဝန်းကျင်က ကိုးခနွန်တိုက်နယ်၊ ဘန်နောင်နမ်ဒမ်ရွာမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းရလို့ သွားရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာ သေနတ်ဒဏ်ရာ အမြောက်အမြားနဲ့ သေဆုံးနေတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရသလို သူတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ဓားဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ ပီချိုင် ဒါပန်သာ အမည်ရတဲ့ ထိုင်း အမျိုးသားတယောက်ကိုလည်း ရဲတပ်ဖွဲ့မရောက်ရှိခင်ကတည်းက ဖနွန်ဆာရာခမ်ဆေးရုံဆီ ပို့ဆောင်ထားခဲ့ရတယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ အခင်းဖြစ်ပွားရာနေရာကနေ ၉ မမ သေနတ်ကျည်ခွံ ၁၆ ခုထက်မနည်းနဲ့အတူ အမှုမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ လက်နက်ငယ်တခုနဲ့ ဓားတလက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခဲ့သူ အသက် ၂၄ နှစ်အရွယ် ရွာကင်းစောင့်စေတနာ့ဝန်ထမ်း တီရာဖတ် နော့ထောင်းက ရဲတပ်ဖွဲ့ကို ထွက်ဆိုရာမှာ သူနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ လူနေအိမ်ခြေတွေအနီးမှာ အရက်သောက်ပြီး သီချင်းသံအကျယ်ကြီး ဖွင့်နေတဲ့ ရွှေ့ပြောင်းလုပ်သားအုပ်စုတချို့ကို သွားရောက်သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် စကားများ ရန်ဖြစ်ခဲ့ကြပြီး သူ့ရဲ့သူငယ်ချင်းဖြစ်သူဟာ ပုလင်းနဲ့ ရိုက်နှက်ခံရကာ မြေပြင်ပေါ် လဲကျသွားချိန်မှာပါ ဓားနဲ့ ထိုးသတ်ခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
တီရာပတ်ရဲ့ ထွက်ဆိုချက်အရ ဓားတွေ ကိုင်ဆောင်ထားတဲ့ အမျိုးသား ၁၀ ယောက်လောက်ဟာ သူ ရှိရာဘက်ဆီ ပြေးဝင်လာတာကြောင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။
လတ်တလောမှာတော့ ရဲတပ်ဖွဲ့ မှုခင်းအရာရှိတွေဟာ အခင်းဖြစ်ပွားရာနေရာမှာ သက်သေအထောက်အထားတွေကို ဆက်လက်စုဆောင်းနေပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
အာဏာပိုင်တွေအနေနဲ့ အဆိုပါ သေနတ်သမားကို တရားစွဲဆိုခြင်း ပြု၊ မပြုဆိုတာကိုတော့ လတ်တလောမှာ အတည်မပြုရသေးဘူးလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Khaosod











