DVB Logo
Home
မြန်မာသတင်း
ကယားတွင် စစ်တပ် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများဖြစ်၊ စစ်ဘေးရှောင်များ အခက်ကြုံ
DVB
·
August 25, 2021
ကယားတွင် စစ်တပ် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများဖြစ်၊ စစ်ဘေးရှောင်များ အခက်ကြုံ
1 / 4
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အရှေ့ဘက်ခြမ်းရှိ ကုန်းဆွတ်နဲ့ ကျောက်ကြီးကျေးရွာအကြားမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့  KNDF က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်မ ၅၅ က အင်အား ၁၀၀ လောက်က အဆိုပါနေရာကို စစ်ကြောင်းထိုးလာရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အခုရက်ပိုင်းတွေအတွင်း လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကို  စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၃ ရက်နေ့မှာလည်း ကယန်းသာယာကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရောက်လာပြီး  ကျေးရွာအတွင်းရှိ နေအိမ်ကို ဖောက်ထွင်းတာ၊ ကျေးရွာအနီး တောင်ယာထဲမှာ ပုန်းအောင်းနေကြတဲ့ ပြည်သူတွေကို ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်  လွိုင်လင်လေးမြို့ အရှေ့ခြမ်းရှိ ဒေသခံပြည်သူ  ၈၀၀၀ ကျော်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရပြီး ဒီကနေ့အချိန်ထိ အိမ်မပြန်နိုင်ကြသေးပါဘူး။

လွိုင်ကော်မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတဲ့အတွက် ကိုဗစ်လူနာတွေအပါအဝင် လူ ၂၀၀၀ ကျော် နေထိုင်တဲ့ စစ်ရှောင်စခန်းလည်း  စစ်ကြောင်းထိုးမှုကြောင့် ထပ်မံရွှေ့ပြောင်းရမယ့်နေအထားနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းမှာ လွိုင်ကော်ကို သွားတဲ့လမ်းတွေ ပိတ်ထားရတဲ့အတွက် လူနာတွေအတွက် ဆေးဝါးဝယ်ဖို့ အခက်အခဲကြုံနေသလို စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေးနဲ့ ရိက္ခာတွေ အခက်အခဲဖြစ်လာနေတယ်လို့ အဲဒီစခန်းမှာ ဆေးကုသပေးနေတဲ့ ဆရာဝန် တစ်ဦးက ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ သတင်းကြားတာက စကစက လွိုင်ကော်အဝင်တွေကို ပိတ်နေတယ်လို့ကြားတယ်။ ပိတ်နေတဲ့အခါကျတော့ ပြဿနာက ကျနော်တို့ ကိုဗစ်စင်တာ ဖွင့်ထားတယ်။ အဲတော့ မနက်တခါ ညတခါ PPE level 3 နဲ့ဝင်နေရတာ။ အဲတော့ level 3 က ဖြည်းဖြည်းချင်း နည်းလာနေပြီ။ ပြီးတော့ သူတို့အဓိက နှာစေးချောင်းဆိုးတွေဖြစ်တဲ့ခါကျတော့ သူတို့ကို ဆေးတွေပေးရတယ်။ ဆေးကလည်း ဖြည်းဖြည်းချင်း နည်းလာနေပြီ။ အဲတော့ ကျနော်တို့ ဆေးတွေမှာဖို့လိုတယ်။ လွိုင်ကော်မှာကို ကျနော်တို့လိုတဲ့ တချို့ဆေးက မရနိုင်တော့ဘူး။ အဲတော့ တခြားရန်ကုန်တို့ တောင်ကြီးတို့ လှမ်းမှာဖို့ လိုနေတာ။ ဒီရက်ပိုင်းက နေ့တိုင်း စစ်ကြောင်းထိုးနေတာ၊ ကျနော်တို့ဆီ အဝင်အထွက်လမ်းတွေ ကျပ်လာပြီး လွိုင်ကော်မြို့မှာကို တအားစစ်ဆေးကျပ်နေတာဆိုတော့ ကြာလေလေ ကျနော်တို့ ပိုပြီးအခက်အခဲဖြစ်လာလေဗျာ။”

ဒါ့အပြင်  စစ်ရှောင်အတွက် ဆေးဝါးပစ္စည်း အလှူခံထားတဲ့ ဆရာဝန်ရဲ့အကောင့်ကိုလည်း စစ်ကောင်စီက Freeze လုပ်ထားလိုက်တဲ့အတွက် ဆေးဝါးဝယ်ယူရေးအတွက် အခက်အခဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ဆိုရင် စစ်ဘေးရှောင်က လူနာတွေအတွက် ဆေးဖိုး၊ ရိက္ခာဖိုး အလှူခံတာ၊ ကျနော်နဲ့အတူတူပါလာတဲ့ ဆရာရဲ့အကောင့်ကို KBZ Pay အကောင့်ကို Freeze လုပ်လိုက်တယ်။ အဲဒါကြောင့် ကျနော်တို့မှာ တော်တော်လေး အခက်အခဲဖြစ်သွားတယ်။ ကျနော်တို့ကကျတော့ တခြားဘာ application တွေသုံးဖို့က အဆင်မပြေဘူး။ KBZ pay တခုပဲ ရှိနေတဲ့အတွက် freeze လုပ်ခံရတော့ ကျနော်တို့က အလှူခံရတာလည်း အရမ်းခက်သွားပြီ။ အဲလိုအခက်အခဲဖြစ်ချိန်မှာ စစ်ကြောင်းထိုးနေတဲ့အတွက် ကျနော်တို့တွေ ပစ္စည်းဘယ်လိုသယ်ပြီး ဘယ်ကို ပြေးရမှန်းမသိသေးဘူး။”

အဆိုပါ စစ်ဘေးရှောင်စခန်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၇ ဦး အထိရှိလာပြီး ဆေးရုံက ဆင်းခွင့်ရသူ ၇ ဦးရှိကြောင်းလည်း အဆိုပါဆရာဝန်က ပြောပါတယ်။

ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ကယားပြည်နယ်တဝန်း စစ်ပြေးဒုက္ခသည်  ၁၂၀၀၀၀ ကျော်ရှိနေပြီး အဲဒီထဲက စခန်းတချို့မှာလည်း စစ်ဘေးရှောင်တွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013