DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်ဝင်ငွေလျော့နည်းကျဆင်းနေသဖြင့် အသုံးစရိတ် စိစစ်သုံးစွဲကြရန် ဒုစစ်ခေါင်းဆောင် တိုက်တွန်း
DVB
·
August 25, 2021
နိုင်ငံတော်ဝင်ငွေလျော့နည်းကျဆင်းနေသဖြင့် အသုံးစရိတ် စိစစ်သုံးစွဲကြရန် ဒုစစ်ခေါင်းဆောင် တိုက်တွန်း
Donate to DVB

အခွန်အကောက်ရငွေနဲ့ တခြားသာမန်ရငွေ အပါအဝင် နိုင်ငံတော်ဝင်ငွေအချို့ လျော့နည်းကျဆင်းနေလို့ ပြည်ထောင်စုဝန်ကြီးဌာနတွေအနေနဲ့ အသုံးစရိတ်များကို အတတ်နိုင်ဆုံးစိစစ်သုံးစွဲသွားကြဖို့ အာဏာသိမ်းစစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  တိုက်တွန်းလိုက်ပါတယ်။

ဩဂုတ် ၂၄ ရက်က နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတော် ဘတ်ဂျက် အရအသုံးခန့်မှန်းခြေ ငွေစာရင်းကို စိစစ်တဲ့ အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဋ္ဌ၊ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့တာပါ။

အခုအချိန်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေရပြီး စီးပွားရေး ထိခိုက်မှု အနည်းနဲ့အများရှိတဲ့အပြင် နိုင်ငံတော်ရဲ့ အခွန်အကောက်ရငွေနဲ့ တခြားသာမန်ရငွေတွေ အပါအဝင် နိုင်ငံတော်ဝင်ငွေတချို့ လျော့နည်းကျဆင်းနေရာမှာ လာမယ့် ၆ လ မှာလည်း ရငွေတွေ ဆက်လက် လျော့နည်းနိုင်ကြောင်း၊ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းတွေအတွက် အသုံးစရိတ်တွေကို မဖြစ်မနေသုံးစွဲရမှာဖြစ်လို့ ပြည်ထောင်စုဝန်ကြီးဌာနတွေနေနဲ့ အသုံးစရိတ်တွေ အတတ်နိုင်ဆုံးစိစစ်သုံးစွဲသွားကြရန် တိုက်တွန်းလိုကြောင်း  ဒုတိယစစ်ခေါင်းဆောင်က ပြောပါတယ်။ 

ဘတ်ဂျက်ကာလဟာ ၆ လ သာဖြစ်လို့  ရငွေလျာထားချက်ဟာ  ၆ လအတွင်းအမှန်ရရှိနိုင်တဲ့ ရငွေတွေဖြစ်ဖို့နဲ့  အသုံးစရိတ်လျာထားချက်တွေဟာ  ၆ လအတွင်း အမှန်သုံးစွဲနိုင်မယ့် အသုံးစရိတ်တွေကိုသာ  လျာထားကြဖို့လည်းပြောပါတယ်။ 

ဝန်ကြီးဌာနတွေအနေနဲ့ ရငွေတွေကို လျာထားချက် အတိုင်း အပြည့်အဝ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့၊ မိမိတို့ခွဲဝေရရှိတဲ့ ဘဏ္ဍာငွေတွေကို သုံးစွဲရာမှာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်တို့ကို အထောက်အကူ ပြုစေတဲ့ အသုံးစရိတ်တွေနဲ့ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုတဲ့ အသုံးစရိတ်တွေ  ဦးစားပေး သုံးစွဲကြဖို့လည်း ပြောပါတယ်။

စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးဌာနတွေက တင်ပြတောင်းခံကြတဲ့ အသုံးစရိတ်တွေမှာ ပုံမှန်လိုအပ်တဲ့ အသုံးစရိတ်တွေအပြင်  ကုန်ထုတ်လုပ်မှုကို အကျိုးပြုစေမယ့် စက်ရုတွေ ပြန်လည်လည်ပတ်ရေး အသုံးစရိတ်တွေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနဲ့ ပတ်သက်တဲ့ အသုံးစရိတ်တွေ၊ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေမယ့် ပြည်ပချေးငွေ/ပြည်ပ အကူအညီရငွေ တို့နဲ့ ဆောင်ရွက်မယ့် အသုံးစရိတ်တွေ ပါဝင်နေတယ်လို့လည်းဆိုပါတယ်။

ဒီအစည်းအဝေးဟာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းဖို့အတွက်   ၆ လ အတွင်းအရအသုံးခန့်မှန်းခြေ ငွေစာရင်းကို စိစစ်တဲ့ အစည်းအဝေးဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံတော်ဘတ်ဂျက်နဲ့ ပတ်သက်ပြီး သုံးစွဲမယ့် ငွေကြေးပမာဏတွေကိုတော့ စစ်ကောင်စီက ပြည်သူလူထုကို ချပြခြင်းမရှိဘဲ လျှို့ဝှက်ထားပါတယ်။ 

အန်အယ်လ်ဒီအစိုးရလက်ထက်က နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ဘယ်လောက်သုံးစွဲတယ် ဘယ်လောက်လျာထားတယ်ဆိုတဲ့ အချက်အလက်တွေကို အများပြည်သူသိရှိအောင် ပွင့်လင်းမြင်သာစွာ ချပြတာရှိသလို လွှတ်တော်မှာလည်း  ဘတ်ဂျက်နဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးငြင်းခုံကြတာရှိပါတယ်။ 

မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးနှစ်ကိုယခင်က နှစ်စဉ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ သတ်မှတ်ခဲ့ပြီး အန်အယ်လ်ဒီအစိုးရလက်ထက်  ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေး နှစ်ကစပြီး  အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ခဲ့ပါတယ်။

ယခုအာဏာသိမ်း စစ်ကောင်စီက  ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှစပြီး  ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ပြန်လည်ပြောင်းလဲ ပြင်ဆင်သတ်မှတ်မှာဖြစ်လို့ ကြားကာလဘတ်ဂျက်အဖြစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၃၁ ရက်အထိ ၆ လအတွက် အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲတာဖြစ်ပါတယ်။

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013