
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့တဲ့ MMA ဖိုက်တာ ဖိုးသော် (အမည်ရင်း သော်ထူးနိုင်) ဟာ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ထောင်ဒဏ် ၇ နှစ် ကျခံနေရာကနေ လာမဲ့ စက်တင်ဘာလမှာ လွတ်မြောက်မှာဖြစ်ပေမဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁(ဂ) နဲ့ ထပ်တိုးအမှုဖွင့် တရားစွဲခံထားရတယ်လို့ ဖိုးသော်နဲ့ နီးစပ်သူတယောက်ဆီက သိရပါတယ်။
MMA ဖိုက်တာ ဖိုးသော်ကို ရန်ကုန်တိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးရဲ့ အမိန့်နဲ့ ဗဟန်းမြို့မရဲစခန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁(ဂ) နဲ့ ထပ်တိုးအမှုဖွင့် တရားစွဲဆိုထားတာလို့ သိရပါတယ်။
ဖိုးသော်ဟာ ၂၀၂၁ ခုနှစ် မေ ၅ ရက်က ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပန်းခြံနားက Team PT အားကစားခန်းမ ပေါက်ကွဲမှုဖြစ်ပြီးနောက် ဒဏ်ရာရသွားတဲ့အတွက် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်း ဖမ်းဆီးထောင်ချခံခဲ့ရတာပါ။ ဖောက်ခွဲရေးပစ္စည်း အက်ဥပဒေ ပုဒ်မတွေနဲ့ ထောင် ၇ နှစ် ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ထောင်ဒဏ် ၇ နှစ်ဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း ပြန်လည်လွတ်မြောက်ရမှာ ဖြစ်ပေမဲ့လည်း MMA ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် အနားယူကြောင်း ကြေညာမှုအပေါ် ဂုဏ်ပြုစာ ပေးပို့ခဲ့တဲ့နောက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁(ဂ) နဲ့ ထပ်မံတရားစွဲဆိုခဲ့တာ ဖြစ်ပြီး အခု ဇူလိုင်လထဲမှာ ရုံးစထုတ်တယ်လို့ ဖိုးသော်နဲ့ နီးစပ်သူက DVB ကို ပြောပါတယ်။
“အောင်လအန်ဆန်က ကိုဖိုးသော် ပို့ထားတဲ့စာ တင်လိုက်တော့ လူတွေက awareness ရသွားလို့ပါ။ သူတို့က မတရားမှုတွေကို လူတွေသိမှာ စိုးတယ်လေ။ နောက်လူတွေမလုပ်အောင် ပုံစံပေးတဲ့ သဘောလည်း ပါမယ် ထင်ပါတယ်။”
အောင်လအန်ဆန်ကို ဂုဏ်ပြုစာပေးပို့ခဲ့တာကလည်း အကျဉ်းဦးစီးဌာနရဲ့ တရားဝင်စာပေးပို့တဲ့ လုပ်ငန်းစဉ်ကတဆင့် ပေးပို့ခဲ့တာလို့လည်း ဆိုပါတယ်။
MMA ဖိုက်တာ ဖိုးသော်ရဲ့ အမှုကို ရန်ကုန်တိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးရဲ့ လက်မှတ်နဲ့ ဗဟန်းမြို့မရဲစခန်းက အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဗဟန်းမြို့နယ် ကမာရွတ်ခရိုင် တရားရုံးမှာ စစ်ဆေးတာလို့လည်း သိရပါတယ်။
ဒါ့အပြင် တရားသူကြီး ဒေါ်ဇင်မာအောင်က ကြားနာနေသလို အစိုးရရှေ့နေအဖြစ် ဦးနေအောင်က လိုက်ပါဆောင်ရွက်နေတာလို့လည်း သိရပါတယ်။
ဖိုးသော်နဲ့ နီးစပ်သူက “ဥပဒေကို လိုသလိုသုံးပြီး ပြည်သူတွေကို အနိုင်ကျင့်နေတဲ့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ မတရားမှုတွေအပေါ် ပါးစပ်ပေါက်တွေ ပိတ်မနေဘဲ မတရားတာကို မတရားမှုအဖြစ် ပြောရမှာဖြစ်တဲ့ ပြည်သူတဦးချင်းစီကရော၊ နိုင်ငံတကာကလည်း ဒီအတိုင်း ကြည့်မနေသင့်ဘူး။ မတရားမှုတွေက နေရာအနှံ့မှာ ဖြစ်ပျက်နေတာကိုလည်း ရပ်တန့်နိုင်ဖို့ အားလုံးက စုပေါင်းကြိုးစားကြပါလို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။
MMA ဖိုက်တာ ဖိုးသော် အောင်လအန်ဆန်ဆီ ၂၀၂၅ ခုနှစ်က ပေးပို့ခဲ့တဲ့ စာထဲမှာတော့ ဆွီဒင်ဖိုက်တာ ကာဒတ်စတန်နဲ့ ထိုးမဲ့ အောင်လအန်ဆန်ရဲ့ပွဲကို ထောင်ထဲကနေ အားပေးနေမဲ့အကြောင်း နောက်လအနည်းငယ်ကြာရင် သူလည်း ထောင်က ပြန်လွတ်တော့မယ် ဆိုတဲ့အကြောင်း၊ ဘယ်လိုအကြောင်းရှိရှိ သူ့ရဲ့ ကစားသမားဘဝကို စွန့်လွှတ်မှာ မဟုတ်တဲ့အကြောင်း၊ အောင်လအန်ဆန်နဲ့လည်း မကြာခင် ပြန်တွေ့ရမယ်လို့ မျှော်လင့်တဲ့အကြောင်း၊ ထောင်က ပြန်လွတ်လာရင် ကြိုးဝိုင်းထဲပြန်ဝင်ဖို့ ကြိုးစားမှာဖြစ်တဲ့အကြောင်းတွေကို ရေးသားပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။











